ရန်ကုန်၊ ဇူလိုင် ၃
ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်တွင် အသက် ၆၄ နှစ်အရွယ် တက္ကစီယာဉ်မောင်း ဦးသော်တာအေးသည် ခရီးသည်အဖြစ် ငှားရမ်းစီးနင်းလာသည့် လူငယ် ၂ ဦး၏ သတ်ဖြတ်လုယက်မှုကြောင့် သေဆုံးခဲ့ပြီး ကျူးလွန်သူဟု ယူဆရသည့် အသက် ၁၉ နှစ်နှင့် ၂၄ နှစ်အရွယ် လူငယ် ၂ ဦးကို ဖမ်းဆီးရမိထားကြောင်း ရဲကြေးနန်းအရ သိရှိရသည်။
ဇွန်လ ၂၄ ရက် ညနေ ၆ နာရီခန့်အချိန် တက္ကစီယာဉ်မောင်း ဦးသော်တာအေးသည် တစ်နေ့တာ ယာဉ် မောင်းလုပ်ငန်း ပြီးဆုံး၍ အိမ်ပြန်လာစဉ် အင်းစိန်မှ ထောက်ကြန့်သို့ သွားမည့် အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးက ယာဉ်ငှားရမ်းခဲ့သဖြင့် လမ်းကြုံတင်ဆောင်ခဲ့သည်။
ထို့နောက် အဆိုပါလူငယ်များက ထောက်ကြန့်တွင် လူများနေသဖြင့် မှော်ဘီမြို့သို့ ဆက်လက်ငှားရမ်းခဲ့ပြီး၊ မှော်ဘီဘက်တွင်လည်း လူမရှင်းသေးဟုဆိုကာ ထောက်ကြန့်ဘက်သို့ ပြန်လည်မောင်းနှင်စေခဲ့ပြီးနောက် ဦးသော်တာအေးကို သတ်ဖြတ်ကာ ယာဉ်နှင့် ပစ္စည်းများ လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဦးသော်တာအေးသည် အသတ်မခံရမီ ဇနီးထံသို့ ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်းက “အိမ်ပြန်လာနေပြီ၊ ဝါယာလက်နားရောက်နေပြီ၊ ဂက်စ်ဖြည့်ပြီးရင် ပြန်လာမယ်” ဟု ပြောဆိုခဲ့သည်။
ထို့နောက် ဖုန်းဆက်သွယ်၍ မရတော့သဖြင့် မိသားစုဝင်များက ယာဉ်တွင်တပ်ဆင်ထားသည့် GPS စနစ်ဖြင့် လိုက်လံရှာဖွေခဲ့ရာ ဦးသော်တာအေးကို သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဦးသော်တာအေး၏ သမီးဖြစ်သူက ဖခင်သည် ညပိုင်းအထိ ယာဉ်မောင်းလေ့မရှိဘဲ အမြဲစောစီးစွာ အလုပ်သိမ်းတတ်သူဖြစ်ကြောင်း၊ ယင်းနေ့တွင်သာ လမ်းကြုံဖြစ်သဖြင့် ခရီးသည် ၂ ဦးကို တင်ဆောင်ခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဇွန်လ ၃၀ ရက်တွင် ဦးသော်တာအေး၏ ရက်လည်အခမ်းအနား ပြုလုပ်ခဲ့ပြီး ယင်းနေ့တွင်ပင် အသက် ၁၉ နှစ်နှင့် ၂၄ နှစ်အရွယ် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဦးသော်တာအေး၏ သမီးက တက္ကစီယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းခန်းနှင့် ခရီးသည်ခန်းကြား အကာအကွယ်များ တပ်ဆင်ထားသင့်ကြောင်း၊ လူငယ်များ ငှားရမ်းစီးနင်းလာပြီး သံသယဖြစ်ဖွယ် အပြုအမူများ တွေ့ရှိပါက လူစည်ကားသည့်နေရာတွင် ယာဉ်ရပ်တန့်ကာ အကူအညီတောင်းခံသင့်ကြောင်းလည်း သတိပေးပြောကြားထားသည်။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုင်ကယ်ကယ်ရီယာဉ်မောင်း ကိုဟိန်းဇော်ဦးသည် ဇူလိုင်လ ၁ ရက်နေ့ ည ၈ နာရီခန့်က ပုလဲဖြူဟိုတယ်မှ ခရီးသည်တင်ဆောင်၍ ထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇူလိုင်လ ၂ ရက် နံနက်အစောပိုင်းတွင် ၎င်း၏လက်ကိုင်ဖုန်းကို ကောက်ရထားသူက အနီးပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ် အရာဝတ္ထုတစ်ခုကို တွေ့ရှိကြောင်း အကြောင်းကြားခဲ့သဖြင့် လူမှုကူညီရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ ဦးအောင်ဟိန်းဦးအမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခုကို ဦးစွာတွေ့ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ရှာဖွေရာ မော်လမြိုင်မြို့ တောင်ရိုးတန်း View Point အောက်ဘက်ရှိ ခြုံအတွင်းတွင် ကိုဟိန်းဇော်ဦး၏ ရုပ်အလောင်းကို ဓားဖြင့်ထိုးသွင်းထားသည့် ဒဏ်ရာများဖြင့် မှောက်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ၏ ဇနီးဖြစ်သူကလည်း ရုပ်အလောင်းမှာ ကိုဟိန်းဇော်ဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သေဆုံးသူ ကိုဟိန်းဇော်ဦးသည် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်း (၆) လမ်းတွင် နေထိုင်သူဖြစ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းနှင်ကာ အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။







