ရန်ကုန်၊ ဇူလိုင် ၃
နိုင်ငံတော်၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်တုများနှင့် သွင်ပြင်လက္ခဏာများကို ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်းနှင့် ရှင်းလင်းခြင်းများသည် ကြီးလေးသည့် ရာဇဝတ်ပြစ်မှုဖြစ်ပြီး ယင်းလုပ်ရပ်တွင် ပါဝင်ကျူးလွန်သူအားလုံးကို နောင်တွင် ဥပဒေအရ အရေးယူနိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီက ယနေ့ ကြေညာချက် တစ် ရပ်ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ရုပ်တုများနှင့် သွင်ပြင်လက္ခဏာများကို ညအချိန်များတွင် ဖျက်ဆီးခြင်း၊ ရှင်းလင်းခြင်း၊ ဖယ်ရှားခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ်များမှာ သိက္ခာမဲ့၍ အောက်တန်းကျသည့် လုပ်ရပ်များဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းလုပ်ရပ်များသည် နိုင်ငံတော်၏ အမျိုးသားရေးအထိမ်းအမှတ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၅ တွင် ပြဋ္ဌာန်းထားသည့် “အကျိုးဖျက်ဆီးမှု” ပြစ်မှုနှင့် ငြိစွန်းသည့်အပြင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေအရလည်း အရေးယူနိုင်ကြောင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသူများအနေဖြင့် အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်ကြောင်း သတိပေးထားသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “ဒါကတော့ ဘာပဲပြောပြော တိုင်းပြည်ရဲ့ တကယ့်အထင်ကရဖြစ်တဲ့ အမျိုးသားခေါင်းဆောင်တစ်ယောက်ရဲ့ ပုံရိပ်၊ အမျိုးသားရေးဆိုင်ရာ အထိမ်းအမှတ်အပေါ်မှာ အခုလိုမျိုး ဖျက်ဆီးတယ်ဆိုတာ သေချာပေါက် အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့လုပ်ရပ်လည်း ဖြစ်တယ်။ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးဖြစ်သလို နိုင်ငံရဲ့ အကျိုးစီးပွားလည်း ဖြစ်တယ်။ ဒါက နိုင်ငံရဲ့ပုံရိပ်ဖြစ်တာကိုး။ အဲဒါကို ကျူးလွန်တဲ့ကိစ္စကတော့ ပြစ်မှုမြောက်တဲ့ ကျူးလွန်မှုတစ်ရပ်ဖြစ်တယ်ဆိုတာ သိစေချင်တယ်” ဟု သတိပေးသည်။
၎င်းက ဆက်လက်၍ ယင်းလုပ်ရပ်ကို မည်သူက ညွှန်ကြားသည်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအားလုံးသည် အနာဂတ်တွင် တရားဥပဒေအရ တာဝန်ခံရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“မင်းအောင်လှိုင်က ညွှန်ကြားတာ၊ ဘယ်သူက ညွှန်ကြားတာ မသိပေမယ့် တစ်ချိန်ကျရင် ဒီကိစ္စနဲ့ပတ်သက်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်တာမျိုး လုပ်မယ်ဆိုရင် ဒီပြစ်မှုကို ကျူးလွန်တဲ့အထဲမှာ ပါဝင်တဲ့သူအားလုံးဟာ ဒီပြစ်မှုနဲ့ပတ်သက်တဲ့ ကျူးလွန်မှုဆိုင်ရာ တရားခံတွေ ဖြစ်မှာပဲလို့ အတိအကျ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ရှေ့နေများကောင်စီ၏ ကြေညာချက်တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ရုပ်တုများနှင့် သွင်ပြင်လက္ခဏာများသည် အမျိုးသားရေးအထိမ်းအမှတ်များဖြစ်ပြီး ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်ဆင့်ကမ်းထိန်းသိမ်းခြင်းသည် ယဉ်ကျေးမှုမြင့်မားသည့် လူ့အဖွဲ့အစည်း၏ အရေးပါသည့် တာဝန်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အများပြည်သူပိုင် ပစ္စည်းများဖြစ်သည့် ယင်းအထိမ်းအမှတ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်း၊ ရှင်းလင်းခြင်းတို့သည် အကျိုးဖျက်ဆီးမှုပြစ်မှုမြောက်ပြီး အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ယင်းလုပ်ရပ်များကို တားဆီးခြင်းမရှိသည့်အပြင် ကျူးလွန်သူများကိုလည်း အရေးယူခြင်းမရှိသဖြင့် ယင်းပြစ်မှုများကို အာဏာသိမ်းစစ်ကောင်စီကိုယ်တိုင် ကျူးလွန်နေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဥပဒေရေးရာ သုံးသပ်ထားသည်။
ယင်းအပြင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၅ အရ မည်သူမဆို အများပြည်သူ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို မတရားသဖြင့် ဆုံးရှုံးနစ်နာစေရန် ရည်ရွယ်၍ ပစ္စည်းတစ်ခုခုကို ဖျက်ဆီးခြင်း၊ ပစ္စည်း၏ တန်ဖိုး သို့မဟုတ် အသုံးဝင်မှုကို လျော့နည်းစေခြင်း၊ အနေအထားကို ပြောင်းလဲပျက်စီးစေခြင်းတို့ ပြုလုပ်ပါက “အကျိုးဖျက်ဆီးမှု” ပြစ်မှုကျူးလွန်ရာရောက်ကြောင်းလည်း အသိပေးထားသည်။
ရန်ကုန်ခေတ်သစ်၏ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် နိုင်ငံရေးအထိမ်းအမှတ်များအားလုံးကို အပြီးသတ် ဖယ်ရှားဖြိုချရန် ညွှန်ကြားခဲ့ကြောင်း၊ မြို့နယ်အလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်ဘက်လုံခြုံရေးဌာနနှင့် ရဲသတင်းတပ်ဖွဲ့တို့က နေ့စဉ် အစီရင်ခံတင်ပြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် NLD အစိုးရလက်ထက် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများ၏ တည်နေရာ၊ တည်ဆောက်သည့်ရက်စွဲနှင့် အသေးစိတ်အချက်အလက်များကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် အရေးပေါ်စာရင်းကောက်ယူထားပြီး ယင်းရုပ်တုများအားလုံးကို ဆက်လက်ဖယ်ရှားသွားရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။




