ရန်ကုန်၊ ဇူလိုင် ၃
ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ ရေတပ်သင်္ဘောကျင်း တွင် မြန်မာရေတပ်က ကမ်းရိုးတန်းသွား ရေငုပ် သင်္ဘော (Coastal Submarine) တစ်စင်းကို ပြုပြင်တည်ဆောက်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများကို အခြေခံလေ့လာပြီး ကမ္ဘာ့စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့ Janes က ဇူလိုင်လ ၂ ရက်နေ့တွင် သတင်းဖော်ပြလိုက်သည်။
Janes သည် ဗြိတိန်အခြေစိုက် နိုင်ငံတကာစစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အချက်အလက်၊ ထောက် လှမ်းဆန်းစစ်ရေးနှင့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ စစ်လက်နက်များ၊ စစ်ရေယာဉ်များ၊ စစ်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ ဒုံးကျည်စနစ်များနှင့် စစ်ရေးလှုပ်ရှားမှုများကို ဂြိုဟ်တုဓာတ်ပုံများနှင့် အခြားပွင့်လင်းအရင်းအမြစ်များ (Open-source intelligence) ကို အခြေခံ၍ လေ့လာဆန်းစစ်ကာ ထုတ်ပြန်လေ့ရှိသည့် ကမ္ဘာ့ထိပ်တန်း စစ်ရေးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည်။
Janes ၏ လေ့လာဆန်းစစ်ချက်အရ အဆိုပါ ကမ်းရိုးတန်းသုံး ရေငုပ်သင်္ဘောကို သန်လျင်မြို့ရှိ ရေတပ်သင်္ဘောကျင်းတွင် ကုန်းပေါ်သို့တင်၍ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေစဉ် ဂြိုဟ်တုဓာတ်ပုံမှတစ်ဆင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂြိုဟ်တုဓာတ်ပုံများကို ၂၀၂၆ ခုနှစ် မတ်လအတွင်း ရိုက်ကူးထားခြင်းဖြစ်ပြီး မကြာသေးမီကမှ အများပြည်သူသို့ ထုတ်ဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံများအရ ရေငုပ်သင်္ဘောကို Syncrolift ရေယာဉ်တင်မြှောက်ရေးစနစ်ပေါ်တွင် တင်ထားပြီး ဘေးတွင် စစ်ကောင်စီရေတပ်၏ ရန်ငြိမ်းအောင် (Yan Nyein Aung) ကင်းလှည့်ရေယာဉ်တစ်စင်းနှင့်အတူ ပြုပြင်ထိန်းသိမ်းမှု သို့မဟုတ် နည်းပညာစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း Janes က ဖော်ပြထားသည်။
ဂြိုဟ်တုဓာတ်ပုံများမှ တိုင်းတာချက်များအရ အဆိုပါ ကမ်းနီးရေငုပ်သင်္ဘောသည် အလျား ၃၇ မီတာခန့်ရှိပြီး Cruciform Rudder Arrangement ဟုခေါ်သော ကြက်ခြေခတ်ပုံစံ နောက်ဘက်တက်မစနစ် တပ်ဆင်ထားကြောင်း သိရသည်။ ယင်းလက္ခဏာများသည် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရန်ကုန်မြစ်၌ ဂြိုဟ်တုမှ ပထမဆုံးတွေ့ရှိခဲ့ရသည့် ရေငုပ်သင်္ဘော၏ ပုံစံနှင့် ကိုက်ညီနေကြောင်း Janes က သုံးသပ်ထားသည်။
အဆိုပါ ရေငုပ်သင်္ဘောသည် မြန်မာရေတပ်တွင် အသုံးပြုနေသော အခြားရေငုပ်သင်္ဘောများနှင့် နှိုင်းယှဉ်ပါက အရွယ်အစား သိသိသာသာ သေးငယ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လွှဲပြောင်းရရှိထားသည့် ရုရှားလုပ် Kilo-class ရေငုပ်သင်္ဘောမှာ အလျား ၇၂ ဒသမ ၆ မီတာခန့်ရှိပြီး တရုတ်နိုင်ငံမှ လွှဲပြောင်းရရှိထားသည့် Type 035B (Ming-class) ရေငုပ်သင်္ဘောမှာ အလျား ၇၆ မီတာခန့်ရှိသော် လည်း ယခုတွေ့ရှိရသည့် ကမ်းနီးရေငုပ်သင်္ဘောမှာ အလျား ၃၇ မီတာသာရှိသဖြင့် ယင်းရေငုပ် သင်္ဘောများ၏ ထက်ဝက်ခန့်သာ အရွယ်အစားရှိကြောင်း သိရသည်။
Janes ၏ စစ်ရေးသုံးသပ်ချက်အရ အဆိုပါ ကမ်းနီးရေငုပ်သင်္ဘောစီမံကိန်းကို ၂၀၂၄ ခုနှစ်က စတင်သတိပြုမိခဲ့ပြီး ယခုအခါ စစ်ကောင်စီရေတပ်၏ အဓိကပြုပြင်ထိန်းသိမ်းရေးသင်္ဘောကျင်းတွင် အခြားစစ်ရေယာဉ်များနှင့်အတူ တွေ့ရှိရခြင်းကြောင့် နည်းပညာစမ်းသပ်သည့်အဆင့် သို့မဟုတ် ယာယီလေ့ကျင့်ရေးရည်ရွယ်ချက်အတွက်သာ အသုံးပြုနေခြင်းမဟုတ်ဘဲ ရေတပ်ဖွဲ့၏ ဖွဲ့စည်းပုံအတွင်း ထည့်သွင်းအသုံးပြုရန် ရည်ရွယ်ထားသည့် စီမံကိန်းတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
ထို့ပြင် အဆိုပါ ရေငုပ်သင်္ဘောသည် အရွယ်အစားသေးငယ်သည့်အတွက် ပုံမှန်ရေတပ်စစ်ဆင်ရေးများထက် လျှို့ဝှက်ထောက်လှမ်းရေးတာဝန်များ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များကို ရေကြောင်းမှတစ်ဆင့် လျှို့ဝှက်ပို့ဆောင်ခြင်း၊ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် အထူးလေ့ကျင့်ရေးမစ်ရှင်များတွင် အသုံးပြုရန် ရည်ရွယ်ဖွံ့ဖြိုးတည်ဆောက်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း Janes က ကိုးကားထားသည့် စစ်ရေးပညာရှင်များက ခန့်မှန်းထားသည်။
ယင်းမတိုင်မီ ဇွန်လ ၁၆ ရက်နေ့ကလည်း Military Watch Magazine က မြောက်ကိုရီးယား၏ နည်းပညာအကူအညီဖြင့် မြန်မာစစ်တပ်သည် ပထမဆုံး ပြည်တွင်းဖြစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောကို တည်ဆောက်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ ဖော်ပြခဲ့သည်။
အဆိုပါသတင်းတွင် ရေငုပ်သင်္ဘောသည် အလျား ၄၀ မီတာခန့်ရှိပြီး မြောက်ကိုရီးယား၏ Sang-O အမျိုးအစား ရေငုပ်သင်္ဘောဒီဇိုင်းကို အခြေခံတည်ဆောက်ထားခြင်းဖြစ်နိုင်ကြောင်း၊ မြန်မာနှင့် မြောက် ကိုရီးယားအကြား ဆယ်စုနှစ်များစွာကြာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည့်အပြင် မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောနည်းပညာများကို အခြားနိုင်ငံများသို့လည်း လွှဲပြောင်းပေးခဲ့ဖူးကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာစစ်တပ်ရေတပ်၌ တရားဝင် ရေငုပ်သင်္ဘော ၂ စီးရှိပြီး အိန္ဒိယနိုင်ငံမှ လွှဲပြောင်းရရှိထားသည့် ရုရှားလုပ် Kilo-class “မင်းရဲသိင်္ခသူ” ရေငုပ်သင်္ဘောနှင့် တရုတ်နိုင်ငံမှ လွှဲပြောင်းရရှိထားသည့် Type 035B (Ming-class) “မင်းရဲကျော်ထင်” ရေငုပ်သင်္ဘောတို့ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။




