26.4 C
Yangon

စစ်အရာရှိများက ရှေ့တန်းတွင် သေဆုံးသွားသော စစ်မှုထမ်းများကို ပျောက်ဆုံးစာရင်းသွင်းပြီး နစ်နာကြေး သိန်း ၃၀ နှင့် ခံစားခွင့်လစာများကို လိမ်လည်ထုတ်ယူနေ

Must read

ရန်ကုန်၊ ဇူလိုင် ၅

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အရာရှိများသည် ရှေ့တန်းစစ်မျက်နှာများတွင် သေဆုံးသွားကြသည့် စစ်မှုထမ်းများ၏ သေဆုံးနစ်နာကြေး ငွေကျပ် သိန်း ၃၀ နှင့် လစဉ်ခံစားခွင့်လစာများကို ကျန်ရစ်သူမိသားစုများထံ မပေးဘဲ “ပျောက်ဆုံးစာရင်း” သွင်းကာ လိမ်လည်ထုတ်ယူဖြတ်တောက်ယူနေကြကြောင်း CDM ဗိုလ်ကြီးဇင်ယော်က စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ ပြောဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများကို အဓမ္မစုဆောင်းခဲ့ရာ အရှိန်အဟုန်ဖြင့် ဆက်တိုက်ခေါ်ယူခဲ့ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်တာဆွဲခြင်း၊ လမ်းပေါ်တွင် ဖမ်းဆီးခြင်းများ ပြုလုပ်ကာ စစ်မှုထမ်းအပတ်စဉ် (၂၇) အထိ ရောက်ရှိနေပြီဖြစ်သည်။

ယင်းသို့ အဓမ္မခေါ်ယူခံရပြီး ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခြင်းခံရကာ သေဆုံးသွားသည့် စစ်မှု ထမ်းအရေအတွက်မှာ ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှိနေပြီဖြစ်သော်လည်း စစ်အရာရှိများက ၎င်းတို့အနက် အများစုကို သေဆုံးစာရင်းမသွင်းဘဲ ပျောက်ဆုံးစာရင်းသာ သွင်းထားကြသည်။

ထိုသို့ ရှေ့တန်းတွင် သေဆုံးသွားသော စစ်မှုထမ်းများ၏ ခံစားခွင့်များကို သက်ဆိုင်ရာ မိသားစုများကို မပေးဘဲ စစ်အရာရှိကြီးငယ်များက နိုင်ငံတော်ဘတ်ဂျက်ထဲမှ စနစ်တကျ လိမ်လည်ထုတ်ယူနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

“စစ်တပ်က ပစတွေရဲ့ ခံစားခွင့် တွေကို နိုင်ငံတော်ဘတ်ဂျတ်ထဲကနေ ထုတ်စားနေကြတယ်။ ပျောက် ဆုံးစာရင်းသွင်းပြီး မေ့လောက်ခါမှ ထုတ်ယူနေကြတာ။ ကာယကံရှင်တွေလည်း ရတဲ့သူတော့ ရချင်ရမှာပေါ့နော်။ စစ်အသုံးစရိတ်ထုတ် ငွေစာရင်းခေါင်းစဉ်အောက်မှာ ထုတ်ယူကြတာ” ဟု ၎င်းက ရှင်းပြသည်။

စစ်တပ်တွင်း သတင်းရင်းမြစ်တစ်ခုကလည်း တပ်အတွင်း ခံစားခွင့်များကို အရာရှိများက လိမ်လည်ထုတ်ယူမှုများ ယခင်ကတည်းက ရှိနေခဲ့ကြောင်း၊ စစ်အရာရှိအချို့က လူပျိုလူလွတ်စစ်သားများရှေ့တန်းတွင် သေဆုံးသွားသည့်အခါတွင် တပ်ပြင်ပတွင် နေထိုင်သော မိသားစုများထံသို့ အသိမပေးဘဲ သေဆုံးနစ်နာကြေးနှင့် ခံစားခွင့်လစာများကို ကိုယ်ကျိုးရှာ လိမ်လည် ထုတ်ယူခဲ့သည့် အစဉ် အလာရှိခဲ့ဖူးကြောင်း၊ ယခင်က ယင်းကဲ့သို့ သောဖြစ်ရပ်များကို စစ်တပ်အတွင်း အရေးယူခဲ့ဖူးသည့် သာဓကများရှိခဲ့ကြောင်း ပြော ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရှုံးနေပြီး အင်အားပြုန်းတီးမှု အလွန်အမင်းများပြားနေသည့် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို စစ်မှုထမ်းအပတ်စဉ်အလိုက် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ ရှေ့တန်း ပို့ဆောင်နေသည့်အပြင်၊ ရှေ့တန်းတွင် သေဆုံးသွားပါကလည်း သက်ဆိုင်ရာ မိသားစုများထံသို့ တရားဝင် အသိပေးအကြောင်းကြားမှုများ လုပ်ဆောင်ကြခြင်းမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article