ရန်ကုန်၊ ဇူလိုင် ၄
အိန္ဒိယနိုင်ငံသားများကို မြန်မာနိုင်ငံသို့ လူကုန်ကူးပြီး ကျားဖြန့်အွန်လိုင်းငွေလိမ်စခန်း (Cyber Scam Compounds) များအတွင်း အဓမ္မခေါ်ဆောင်ကာ ခရစ်ပတိုငွေကြေးဆိုင်ရာ လိမ်လည်မှုများ (Crypto Frauds) လုပ်ဆောင်ရန် အဓမ္မ ခိုင်းစေခံနေရသော အခြေအနေများအပေါ် အိန္ဒိယအစိုးရက စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရှိရသည်။
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရဋ္ဌရ (Maharashtra) ပြည်နယ်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူက မိမိခင်ပွန်းသည် ဘန်ကောက်မြို့ရှိ အလုပ်အကိုင်တစ်ခုကို လက်ခံခဲ့သော်လည်း အမှန်တကယ်တွင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဆိုင်ဘာငွေလိမ်စခန်းတစ်ခုသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း လာရောက်တိုင်တန်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ကာ အမှုဖွင့်လှစ်ခဲ့သည်။
ယခုအမှုသည် ပြည်ပလူကုန်ကူးမှုကွန်ရက်နှင့် ပတ်သက်နေသောကြောင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနသို့ အကြောင်းကြားထားပြီး ဖြစ်သလို ဗဟိုအေဂျင်စီများကလည်း စုံစမ်းစစ်ဆေးမှုတွင် ဝိုင်းဝန်းကူညီပေးနေကြသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါလူကုန်ကူးခံရသူသည် ထိုင်းနိုင်ငံတွင် တစ်လလျှင် အိန္ဒိယရူပီး ၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈၁၅ ခန့်) ရရှိမည့် ဂရပ်ဖစ်ဒီဇိုင်းနှင့် ဒေတာအချက်အလက်သွင်းခြင်း (Data Entry) အလုပ်အကိုင်တစ်ခုကို လူမှုကွန်ရက်ပေါ်ရှိ ကြော်ငြာမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လအစောပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် မြန်မာနယ်စပ်အနီးရှိ စခန်းတစ်ခုသို့ ရွှေ့ပြောင်းခံခဲ့ရကာ ပတ်စ်ပို့နှင့် ခရီးသွားလာရေးစာရွက်စာတမ်းများကို အသိမ်းခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူများက ပြောဆိုထားသည်။
လူကုန်ကူးမှု၏သားကောင်ဖြစ်ရသော အိန္ဒိယနိုင်ငံသားမှာ ပြင်ပနှင့် အဆက်အသွယ်မပြတ်တောက်မီ ၎င်း၏မိသားစုထံသို့ ဆက်သွယ်နိုင်ခဲ့ပြီး ဖမ်းဆီးခံထားရသူများသည် ဆိုင်ဘာငွေလိမ်လုပ်ငန်းများတွင် တစ်နေ့လျှင် ၁၆ နာရီမှ ၁၈ နာရီအထိ အဓမ္မအလုပ်လုပ်ရကြောင်း၊ အမိန့်ကို ငြင်းဆန်သူများသည် လျှပ်စစ်ရှော့ခ်တိုက်ခြင်းနှင့် အခြားသော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်ရကြောင်း ပြောပြခဲ့သည်။
ထို့အပြင် ၎င်းကဲ့သို့ပင် အလားတူစခန်းများတွင် ဖမ်းဆီးခံထားရသည့် အိန္ဒိယနိုင်ငံသား ရာပေါင်းများစွာ ရှိနေသည်ဟုလည်း ၎င်းက ပြောဆိုခဲ့သော်လည်း အဆိုပါပြောဆိုချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တစ်ချိန်တည်းမှာပင် မဟာရဋ္ဌရပြည်နယ်မှ အခြားဒေသခံတစ်ဦးသည်လည်း ကောလ်စင်တာ (Call Center) အလုပ်အကိုင်ရမည်ဟုဆိုကာ သွားရောက်ခဲ့ပြီးနောက် အလားတူစခန်းတစ်ခုတွင် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြခဲ့ကြသည်။
သတင်းများအရ သားကောင်ဖြစ်ရသူများက ၎င်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခံခဲ့ရပြီး အွန်လိုင်းရင်းနှီးမြှုပ်နှံမှုနှင့် ခရစ်ပတိုငွေကြေးလိမ်လည်မှုလုပ်ငန်းများကို အဓမ္မလုပ်ကိုင်ခိုင်းစေခြင်းခံရကြောင်း၊ လူမှုကွန်ရက်ပေါ်တွင် အကောင့်အတုများပြုလုပ်ကာ လူများကို ငွေလိမ်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များထဲသို့ ဆွဲဆောင်ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
မိသားစုတစ်ခုကမူ ဖမ်းဆီးထားသူများက ၎င်းတို့၏ဆွေမျိုးကို ပြန်လွှတ်ပေးရန်အတွက် ရူပီး ၈ သိန်း (အမေရိကန်ဒေါ်လာ ၉,၃၀၀ ခန့်) တောင်းခံခဲ့ကြောင်း၊ ပြည်နယ်အာဏာပိုင်များကလည်း ပိတ်မိနေသူများကို အိမ်သို့ပြန်ခေါ်နိုင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ယခုဖြစ်ရပ်များသည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အိမ်နီးချင်းနိုင်ငံများမှ လှုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းဖွဲ့ရာဇဝတ်မှုကွန်ရက်များအပေါ် စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။
ယင်းအဖွဲ့များသည် အိုင်တီ (IT)၊ သုံးစွဲသူဝန်ဆောင်မှု (Customer Support)၊ ဒီဂျစ်တယ်စျေးကွက်ရှာဖွေရေး (Digital Marketing) နှင့် ဒေတာသွင်းခြင်းလုပ်ငန်းများအတွက် ပြည်ပအလုပ်အကိုင် အတုအယောင်ကြော်ငြာများဖြင့် လူစုဆောင်းလေ့ရှိပြီး၊ အရှေ့တောင်အာရှသို့ ရောက်ရှိလာချိန်တွင် ပတ်စ်ပို့များကို သိမ်းဆည်းကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အဓမ္မလုပ်ကိုင်ခိုင်းစေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ ဆိုက်ဘာငွေလိမ်ကွန်ရက်များကို အစိုးရများက အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ယခုကဲသို့ အခြေအနေများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ကျားဖြန့် ဆိုက်ဘာငွေလိမ်ဂိုဏ်းများ၊ ခရစ်ပတိုနှင့်ဆက်စပ်သော လိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုများကို ကူညီပံ့ပိုးပေးနေသော မြန်မာနိုင်ငံရှိ ပြည်သူ့စစ်အဖွဲ့တစ်ခု၊ ၎င်း၏ခေါင်းဆောင်နှင့် အဆင့်မြင့်အဖွဲ့ဝင်များကို ပြီးခဲ့သည့် မေလအတွင်းက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ အမေရိကန်နိုင်ငံသားများသည် ခရစ်ပတိုနှင့်ဆက်စပ်သော လိမ်လည်မှုများကြောင့် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂ ဘီလီယံကျော်နှင့် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃.၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ နောက်ဆုံးထုတ်ပြန်သော အင်တာနက်ရာဇဝတ်မှုအစီရင်ခံစာအရ ခရစ်ပတိုနှင့်ဆက်စပ်သော လိမ်လည်မှုများကြောင့် ဒေါ်လာ ၁၁ ဒသမ ၄ ဘီလီယံအထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အင်တာနက်ရာဇဝတ်မှု ဆုံးရှုံးမှုအားလုံး၏ ထက်ဝက်ကျော်သည် ခရစ်ပတိုအစီအစဉ်များနှင့် ဆက်နွှယ်နေကြောင်း ဖော်ပြထားသည်။ အဆိုပါ လိမ်လည်မှုများ၏ နောက်ကွယ်မှ ကွန်ရက်အများစုသည် အရှေ့တောင်အာရှတစ်လွှားရှိ စခန်းများမှနေ၍ လှုပ်ရှားနေကြခြင်းဖြစ်သည်ဟု FBI က ဆိုသည်။
အိန္ဒိယနိုင်ငံသည် ယခင်ကလည်း အလားတူဖြစ်ရပ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးသည်။ ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံရှိ ကျားဖြန့် ငွေလိမ်စခန်းများမှ အိန္ဒိယနိုင်ငံသား ၁၂၀ ကျော်ကို နေရပ်သို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်းကလည်း အလားတူ ကယ်ဆယ်ရေးကြိုးပမ်းမှုများကို လုပ်ဆောင်ခဲ့ဖူးကြောင်း သိရှိရသည်။




