27 C
Yangon

ထိုင်းနိုင်ငံ၊ ဆန်ခလပူရီနှင့် မဲဆောက်မြို့နယ်တို့တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၅

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ရှိ ဘန်ဆမ်လန်ရွာအနီး တောစပ်တစ်နေရာတွင် တရား မဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆန်ခလပူရီမြို့နယ်ရှိ နမ့်ကစ် ပူးပေါင်းစစ် ဆေးရေးဂိတ်မှ လုံခြုံရေးအရာရှိများသည် ဘန်းဆမ်လန် (Baansamlang) ရွာအနီးရှိ တောစပ်နှင့် နယ် စပ်တောလမ်းများကို ကင်းလှည့်နေစဉ် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ခိုးဝင်လာကြောင်း သတင်းပေးပို့ချက်အရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထိုင်းအာဏာပိုင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ တောအတွင်းတစ်နေရာတွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၅ ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်နေထိုင်ခွင့် အထောက်အထားစာရွက် စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် လုံခြုံရေးအရာရှိများက ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ကာ ထိန်းသိမ်းခဲ့ပြီး၊ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆန်ခလပူရီမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။

အလားတူ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ နယ်စပ်တစ်လျှောက် လုံခြုံရေးတင်း ကျပ်ထားစဉ် ကုန်တိုက်တစ်ခုအနီးရှိ တောစပ်တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများကို တားဆီးရန် နယ်စပ်တစ်လျှောက်ရှိ နေရာများကို ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်စဉ် မဲဆောက်မြို့နယ်၊ တာဆိုင်းလွတ် (Tha Sai Luat) ကျေးရွာအုပ်စုရှိ ကုန်တိုက်တစ်ခု၏ အနောက်ဘက် တောစပ်အတွင်း တရားမဝင် ခိုးဝင်လာကာ ပုန်းခိုနေသည့် မြန်မာနိုင်ငံသား ၄ ဦးကို ရှာဖွေတွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်အရ အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်ခွင့် အထောက်အထားစာရွက်စာတမ်းနှင့် ဗီဇာတံဆိပ်တုံး တစ်စုံ တစ်ရာ ပြသနိုင်ခြင်း မရှိဘဲ၊ သဘာဝနယ်စပ် လမ်းကြောင်းများမှ ခိုးဝင်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး၊ ဥပဒေအရ အရေးယူကာ မြန်မာဘက်သို့ ပြန်လည်နှင်ထုတ်နိုင်ရန် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ထံ လွှဲပြောင်းထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article