27 C
Yangon

ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မသော်တာဆိုင် အသတ်ခံရပြီး နားကပ်လုယက်ခံရကာ အမှိုက်ပုံတွင် အလောင်းစွန့်ပစ်ခံရ၊ လုယက်သတ်ဖြတ်သူ တရားခံကို ဖမ်းဆီးရရှိခြင်းမရှိသေး

Must read

ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုတွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရက်ရက်စက်စက် အသတ်ခံရပြီး ဝတ်ဆင်ထားသည့် ရွှေနားကပ်များ လုယက်ခံရမှုဖြစ်ပွားခဲ့ကာ လုယက်သတ်ဖြတ်သွားသည့် တရားခံကို ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့်ရဲကြေးနန်း၏ဖော်ပြချက်အရ သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်အချိန် ဦးနိုင်ကိုကိုမင်းနှင့် ဇနီးဖြစ်သူ ဒေါ်စုလှဖြူတို့၏ သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မသော်တာဆိုင်သည် နေအိမ်၌ ရှိမနေဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များက ကျေးရွာအတွင်း အပူတပြင်း လိုက်လံရှာဖွေခဲ့ကြသည်။

ထိုသို့ လိုက်လံရှာဖွေခဲ့ကြရာ ဇူလိုင်လ ၃ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ထန်းတပင်မြို့ နယ်၊ တူးချောင်းကျေးရွာ၊ ဦးကံမြင့်လမ်းဘေးရှိ အမှိုက်ပုံ၌ ခြုံစောင်နှင့် ဆာလာအိတ်အတွင်း ထည့်လျက် စွန့်ပစ်ထားသော အသက် ၅ နှစ်အရွယ် မသော်တာဆိုင်၏ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့ရသည်။

အခင်းဖြစ်ရာနေရာသို့ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ ကလေးငယ်၏ နားနှစ်ဖက်တွင် ဝတ်ဆင်ထားသည့် အလေးချိန် ၂ ပဲသားခန့်ရှိ (ကာလတန်ဖိုး ၁၀ သိန်းကျပ်ခန့်) ရွှေနားကပ်တစ်စုံမှာ ပျောက်ဆုံးနေပြီး၊ နားကပ်ဝတ်ဆင်ထားသည့် နားတွင်းနေရာများမှာ ပြတ်တောက်နေကြောင်း သိရှိရသည်။

အသတ်ခံထားရသော ကလေးငယ်၏ အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ပြီး ကလေးကိုသတ်၍ နားကပ်လုယက်သွားသူကို ဖမ်းဆီးရရှိနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယနေ့ ဇူလိုင်လ ၅ ရက်နေ့အထိ တရားခံကို ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article