27 C
Yangon

မြဝတီမြို့နယ်၊ မင်းလက်ပံတွင် တိုက်ပွဲပြင်းထန်နေပြီး မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်နှင့် စက်သေနတ်ကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ကာ နေအိမ်များ ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၅

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မင်းလက်ပံတွင် မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KTLA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် ၆၀ မီလီမီတာ လက်နက်ကြီးကျည်နှင့် စက်သေနတ်ကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သဖြင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

ဇူလိုင် ၅ ရက် နံနက်ပိုင်းအထိ ရရှိသည့် သတင်းများအရ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာအုပ်စုအနီး မြန်မာ-ထိုင်းနယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ထိုင်းဘက်မှ တာဝန်ရှိသူများက ဇူလိုင် ၃ ရက်နေ့ မဟာဝမ်ကျေးရွာအုပ်စုရှိ နယ်စပ်ဖြတ်သန်းသည့် ဂိတ်များကို ယာယီပိတ်ထားခဲ့သော်လည်း ယင်းအစီအစဉ်မှာ တိုက်ပွဲများကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၄ ရက်နေ့ ညပိုင်း မြန်မာစစ်တပ် တပ်မ ၂၂ နှင့် ကရင်လက်နက်ကိုင်တပ်များအကြား မင်းလက်ပံတွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်သေနတ်များ၊ Suicide Drone များနှင့် လက်နက်ကြီးများကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်တပ်က ပစ်ခတ်လိုက်သည့် ၆၀ မီလီမီတာ လက်နက်ကြီးကျည်တစ်လုံး၏ ထိပ်ဖူးပိုင်းမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာအုပ်စု အမှတ် (၁) ကျေးရွာရှိ နေအိမ်တစ်လုံး၏ အမိုးပေါ် ကျရောက်ခဲ့ကြောင်း ၊အဆိုပါ လက်နက်ကြီးကျည်၏ အမြီးပိုင်းမှာမူ အမှတ် ၉ ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အမိုးကို ဖောက်ထွင်းကာ အိမ်အတွင်းသို့ ကျရောက်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးမှာ အလုပ်စားပွဲတွင် ထိုင်နေစဉ် ဖြစ်ပွားခဲ့သဖြင့် ကံကောင်းစွာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

မြန်မာဘက်မှ လက်နက်ကြီးကျည်များ ထိုင်းဘက်သို့ ကျရောက်လာသဖြင့် ထိုင်းစစ်တပ်နှင့် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများသည် နေအိမ်များ ပျက်စီးဆုံးရှုံးမှုကို လိုက်လံစစ်ဆေးခဲ့ပြီး ကျရောက်ခဲ့သည့် ၆၀ မီလီမီတာ လက်နက်ကြီးကျည်ကိုလည်း အန္တရာယ်ကင်းစွာ ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။

ထို့ပြင် အမှတ် (၉) ကျေးရွာရှိ ထိုင်းပြည်သူတစ်ဦး၏နေအိမ်ကိုလည်း စက်သေနတ်ကျည်များ ထိမှန်ခဲ့ကြောင်း ၊ အိမ်အတွင်း၌ ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့ ရှိနေခဲ့ပြီး စက်သေနတ်ကျည်များ မိုးရွာသကဲ့သို့ ဆက်တိုက် ကျရောက်လာသဖြင့် သားအဖနှစ်ဦးမှာ ကြမ်းပြင်ပေါ် ဝပ်ကာ အခြေအနေငြိမ်သက်သွားသည်အထိ ငြိမ်နေခဲ့ရကြောငး သိရှိရသသည်။

ထိုင်းစစ်တပ်၏ စုံစမ်းစစ်ဆေးမှုများအရ မဟာဝမ်ကျေးရွာနှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက်ခြမ်းတွင် ကာစီနိုအဆောက်အအုံများရှိပြီး ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသည်ဟု ယူဆရသည့်အတွက် မြန်မာစစ်တပ်က ယင်းနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာမှ ကျည်လမ်းကြောင်းများ လွဲချော်ကာ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သုံးသပ်ထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article