ရန်ကုန်၊ ဇူလိုင် ၅
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်မှ စတင်ပြီး မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များကို တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်က ဗုံး ၃၀ ကျော်ထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များကို ၂၀၂၆ ခုနှစ် မေလ ၁၆ ရက်နေ့မှစတင်၍ ပြည်သူ့စစ်အင်အားများနှင့်အတူ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းများကို ချင်းပြည်သူ့တပ်မတော် (CPA) နှင့် ယောဒေသ တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် YDF၊ YA အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း၍ ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများကို ဆက်တိုက်ဆောင်ရွက်ခဲ့ပြီး တစ်လကျော်ကြာ တိုက်ပွဲများအတွင်း စစ်ရေးအသာစီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြင်းထန်သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ စစ်သုံ့ပန်းများ၊ လက်နက်ငယ်၊ ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CPU/CPA က ပြောဆိုထားသည်။
ထို့ပြင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ် အစပ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ညံကန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် မလှိုင်မြို့နယ်၊ နှောကန်ရွာမှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းသည် ညံကန်ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက မနေ့က ဝင်ရောက်လာပြီးတော့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာ နေအိမ် ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာကတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇူလိုင်လ ၄ ရက်နေ့ကလည်း တောင်သာမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လွှတ်တင်ခဲ့သော အသေခံဒရုန်း ၁ စီးသည် ကျောက်ဖူးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ်များ မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးသွားစဉ် (ပုံအဟောင်းဖြစ်သည်)




