ရန်ကုန်၊ ဇူလိုင် ၇
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ စည်းဉ်းမဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လွတ်လပ်သော ကျွမ်းကျင်သူများ၏ မေးမြန်းချက်များကို ထိုင်းအစိုးရအနေဖြင့် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ရန် ထိုင်းအထက်လွှတ်တော် လူ့အခွင့် အရေး၊ လွတ်လပ်ခွင့်နှင့် စားသုံးသူကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ Norasate Prachyakorn က တိုက်တွန်းလိုက်သည်။
ကုလသမဂ္ဂ လွတ်လပ်သော ကျွမ်းကျင်သူများအဖွဲ့က ယင်းနယ်စပ်ဖြတ်ကျော် ရေထုညစ် ညမ်းမှု ပြဿနာနှင့် ပတ်သက်၍ ပေးပို့ခဲ့သည့် မေးမြန်းစုံစမ်းစာကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည်ဖြေကြားရန် သတ်မှတ်ထားသော်လည်း ထိုင်းအစိုးရက သတ်မှတ်ကာ လကုန်ဆုံးသည်အထိ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက မီဒီယာများကို ပြောကြားသည်။
ထို့အပြင် ၎င်းက ယခုကဲ့သို့ မေးမြန်းချက်မျိုးကို ကုလသမဂ္ဂဘက်က တရုတ်အစိုးရနှင့် မြန်မာစစ်ကောင်စီထံသို့လည်း ပေးပို့ထားကြောင်း ထည့်သွင်းပြောဆိုသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ မသန့်စင်ရသေးသည့် စွန့်ပစ်ပစ္စည်းများနှင့် အဆိပ်အတောက်များကို ကောက်မြစ် (Kok)၊ စိုင်မြစ် (Sai)၊ ရွက်မြစ် (Ruak) နှင့် မဲခေါင်မြစ် (Mekong) တို့အတွင်းသို့ စနစ်တကျ သန့်စင်ခြင်းမပြုဘဲ တိုက်ရိုက်စွန့်ပစ်နေခြင်း ဖြစ်သည်။
မြန်မာဘက်မှ စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့် ဒေသတွင်း ရေထုညစ်ညမ်းမှု ပြဿနာတစ်ခုသာမကဘဲ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေးကိုပါ ကြီးမားစွာ ခြိမ်းခြောက်လာနိုင်သည့် အရေးကြီးကိစ္စဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။
သို့ဖြစ်ရာ ထိုင်းအစိုးရအနေဖြင့် အဆိုပါ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရ၊ မြန်မာစစ်ကောင်စီတို့နှင့် ရှေ့တန်းကနေ ကြိုတင်ကာကွယ်သည့်အနေဖြင့် တက်ကြွစွာ ချဉ်းကပ်ဆွေးနွေးညှိနှိုင်းကာ အရေးယူဆောင်ရွက်သင့်ကြောင်း Norasate Prachyakorn က တိုက်တွန်းသည်။




