ရန်ကုန်၊ ဇူလိုင် ၇
မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးရာ၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကွမ်းလောင်းကျေးရွာ အုပ်ချုပ်ရေးမှူး အေးဟန် ဓားဖြင့် ခုတ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကွမ်းလောင်းကျေးရွာအုပ်ချုပ်ရေးမှူးအသစ် အေးဟန်သည် ဆိုင်ကယ်ဖြင့် ရွာအတွင်းသို့ ပြန်လာစဉ် ကျောက်စွယ်ကျိုးကျေးရွာတွင် နေထိုင်သည့် လူငယ်တစ်ဦးက မျက်နှာဖုံးစွပ်၍ ရုပ်ဖျက်ကာ ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဓားဖြင့် ဝင်ရောက်ခုတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူး အေးဟန်မှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
သေဆုံးသွားသော အေးဟန်သည် စစ်တပ်က အုပ်ချုပ်ရေးမှူးအဖြစ် အသစ်ခန့်အပ်ထားသည်မှာ မကြာသေးကြောင်း၊ အေးဟန်ကို ဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် လူငယ်မှာမူ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
အေးဟန်သည် ယခုဇူလိုင်လဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၂၇ အတွက် လူငယ်များကို ဖမ်းဆီးပေးရန် အဓိက လှုပ်ရှားနေစဉ်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ဒေသခံ သတင်းရင်းမြစ်တစ်ခုက “အေးဟန်က စစ်တပ်ခန့်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ပါ။ အသစ်ခန့်ထားတာ မကြာသေးဘူး။ မနေ့က နေ့လယ်နောက်ပိုင်းအချိန် သူအသွားအပြန်လမ်းမှာ စောင့်ပြီး ဓားနဲ့ တိုက်ခိုက်သွားတာ။ ကျောက်စွယ်ကျိုးရွာမှာ နေထိုင်တဲ့ လူငယ်တစ်ဦးက မျက်နှာဖုံးစွပ် ရုပ်ဖျက်ထားပြီး ဝင်ခုတ်တာလို့ သိရတယ်။ အဲဒီလူငယ်လည်း တိမ်းရှောင်လွတ်မြောက်သွားပါပြီ။ အုပ်ကြီးအေးဟန်က စစ်မှုထမ်းအပတ်စဉ် ၂၇ အတွက် အဓိကလှုပ်ရှားနေတာလို့ သိရပါတယ်” ဟု ပြောကြားခဲ့သည်။
ဓာတ်ပုံ- အောင်လံမြို့နယ်တွင် တိုက်ခိုက်မှုအတွင်း သေဆုံးသွား ပျူစောထီးတစ်ဦးကို စစ်တပ်က သဂြိုလ်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




