26.5 C
Yangon

တရုတ်နှင့်အိန္ဒိယခရီးစဉ်အတွင်း မင်းအောင်လှိုင်က သားဖြစ်သူ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ပရိုမိုးရှင်းဆင်း ဖိတ်ခေါ်ခဲ့သောလည်း မည်သူမှ ရောက်မလာ

Must read

ရန်ကုန်၊ ဇူလိုင် ၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နှင့်အိန္ဒိယခရီးစဉ်အတွင်း သူ၏ သားဖြစ်သူ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ပရိုမိုးရှင်းဆင်း ဖိတ်ခေါ်ခဲ့သော်လည်း မည်သူမှ ရောက်မလာကြောင်း UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိလည်းကောင်း သွားရောက်လည်ပတ်ခဲ့ပြီး ယင်းခရီးစဉ်များအတွင်း တရုတ်နှင့်အိန္ဒိယလုပ်ငန်းရှင်များ၊ကုမ္ပဏီများကို တွေ့ဆုံကာ ရတနာပုံမြို့သစ်စီမံကိန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန်၊ အခွန်ကင်းလွတ်ခွင့်၊ မြေယာငှားရမ်းခွင့်၊ လုပ်ငန်းလုပ်ပိုင်ခွင့် များ ချထားပေးမည်ဟု မင်းအောင်လှိုင်က ပရိုမိုးရှင်းဆင်း ဖိတ်ခေါ်ခဲ့သည်။

သို့ရာတွင် တရုတ်နှင့်အိန္ဒိယခရီးစဉ်အပြီး ရက်ပေါင်း ၂၀ နီးပါး ကြာမြင့်လာချိန်အထိ ရတနာ ပုံမြို့သစ်စီမံကိန်းထံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်ဆက်သွယ်မှု လုံး၀ မရှိကြောင်း သိရှိရသည်။

“တရုတ်ရော၊ အိန္ဒိယရော ဆက်သွယ်လာတာမရှိဘူး။ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ ဖွဲ့ထားတဲ့အဖွဲ့ရှိတယ်။ အဲဒီမှာ UMFCCI ရော၊ ဝန်ကြီးဌာနဘက်ကပါ တာဝန်ရှိသူတွေပါတယ်။ အဲဒီအဖွဲ့ကို ရတနာပုံမြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းတာ၊ အဆိုပြုလွှာ တင်တာ။ Expression of Interest (EOI) ပေးတာမရှိဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေနဲ့ပဲ သွားရမယ့် အခြေအနေပါ” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်ပခရီးစဉ်များတွင် အားတက်သရော ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် တရုတ်နှင့်အိန္ဒိယဘက်မှ လုပ်ငန်းရှင်များက လာရောက် ရင်းနှီးမြုပ်နှံရန်တုံ့ ဆိုင်းနေသည့်သဘောရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“နိုင်ငံရေးနဲ့ စီးပွားရေး မတည်မငြိမ်မှုတွေ ကြောင့် လို့ ထင်ပါတယ်။ ရတနာပုံမြို့သစ်စီမံ ကိန်းတင် မဟုတ်ပါဘူး။ ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာ မေးမြန်းစုံစမ်းတာမရှိပါဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရတနာပုံမြို့သစ်စီမံကိန်း ခေါ် New Mandalay Resort City စီမံကိန်း ကို ပြန်လည် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ရတနာပုံမြို့သစ်စီမံကိန်းတွင် အောင်ပြည့်စုံက အိမ်ရာစီမံကိန်းအပြင် မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်ရရှိထားသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ မြေဧက ၁ သောင်းတွင် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် ပြနလည်စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်လက် အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ NLD အစိုးရက အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့သစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြန်လည် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

ယခုအခါ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို ပြန်လည် စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ရတနာမြို့သစ်စီမံကိန်း ကြီးကြပ်မှု ကော်မတီကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် စစ်တပ်နှင့်နီးသော ခရိုနီများ လုပ်ကိုင်ခွင့်ရရှိမည့်အပြင် လတ်တလော မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ဆေးရုံ၊ လမ်းနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခွင့်ရရှိထားကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့ကို အထက် မြန်မာပြည်၏ အစိမ်းရောင်နှင့်နည်းပညာ ဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့ (Green and Smart City) ဖန်တီးရန်ဖြစ်ပြီး ရည်ရွယ်သော အဆိုပါ ရတနာပုံမြို့သစ်စီမံကိန်းကို မြို့ပြစီမံချက်များလည်း ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းတွင် စိုက်ပျိုးရေးကို အခြေခံသော Agro-Based Industrial Zone Research and Development Center တစ်ခု ထူထောင်ရန် ၊ Education and Health Services/ Tourism Center ပါဝင်မည်ဖြစ်ပြီး ဆေးရုံများလည်း ပါဝင်ဖြစ်ကြောင်း ၊ ယခင် NLD အစိုးရလက်ထက်က စီမံကိန်း ၃ ပိုင်း ပါဝင်ပြီး စီမံကိန်းအဆင့် ၁ တွင် ဧက ၂၂၀၀ ပါဝင်ကြောင်း၊ စီမံကိန်း အပိုင်း ၂ တွင် ၂၉၁၉ ဧက ပါဝင်ပြီး စီမံကိန်းအပိုင်း ၃တွင် ၄၇၄၄ ဧက ပါဝင်ကာ စက်မှုဇုန်များ၊ အဆင့်မြင့် လူနေ အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ ၊ ဂေါက်ကွင်း ၊ စိုက်ပျိုးရေးဇုန်နှင့် AGRO PARK ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ် စီမံကိန်းကို ယခင်အာဏာရှင်ဟောင်း သန်းရွှေ လက် ထက် ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ခုနှစ်တွင် ပြန်လည်အကောင် အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ၂ဝ၂ဝပြည့်နှစ်ကာလအတွင်း ရပ်ဆိုင်းသွားသော စီမံကိန်းတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article