26.5 C
Yangon

အင်းစိန်ထောင်တွင် ထောင်တွင်းဘောလုံးပွဲ ကြည့်သည့် နိုင်ငံရေးအကျဉ်းသား ၃၀ ဦးကို ဒုတပ်ကြပ်အောင်ကျော်ဆင့် က အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်

Must read

ရန်ကုန်၊ ဇူလိုင် ၇

အင်းစိန်အကျဉ်းထောင်တွင် ထောင်တွင်း ဘောလုံးပွဲကြည့်ပြီး ပြန်လာသည့် နိုင်ငံရေးအကျဉ်းသား ၃၀ ဦးကို ဒုတိယတပ်ကြပ်အဆင့်ရှိ ထောင်ဝန်ထမ်း အောင်ကျော်ဆင့် က အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းအရင်း အမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းတွင် အင်းစိန်အကျဉ်းထောင် အမှတ် ၁ ဆောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၀ ဦးကို ထောင်ဝန်ထမ်း အောင်ကျော်ဆင့်က အကြောင်းမဲ့ ရက်ရက်စက်စက် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများသည် ထောင်တွင်းကျင်းပသည့် ဘောလုံးပွဲကြည့်ရှု့ပြီး အဆောင်သို့ ပြန်လာစဉ် အောင်ကျော်ဆင့်က ခေါ်ယူမေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းရာတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးက အဆိုပါ ဘောလုံးပွဲမှာ ထောင်တွင်းတရားဝင်ကျင်းပသည့် ပွဲဖြစ်သောကြောင့် သွားရောက်ကြည့်ရှုခြင်းဖြစ်သည်ဟု ပြန်လည်ရှင်းပြခဲ့ကြောင်း၊ သို့သော်လည်း အောင်ကျော်ဆင့်က လက်မခံဘဲ အကြောင်းပြချက်မရှိဘဲ စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့နောက် အတူပြန်လာကြသည့် နိုင်ငံရေးအကျဉ်းသားများကို အဓိကပစ်မှတ်ထားကာ ရာဘာလက်ကိုင်တုတ်ဖြင့် မျက်နှာ၊ ဦးခေါင်းနှင့် လည်ပင်း အစရှိသည့် အသက်အန္တရာယ်စိုးရိမ်ရသော သေစေနိုင်သည့်နေရာများကို ရိုက်နှက်ခဲ့သည့်အပြင် မြေပြင်ပေါ်တွင် မှောက်ခိုင်း၍ ကျောကုန်းများကို ဖိနပ်ဖြင့် တက်နင်းခြင်းများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသားများသည် အဆောင်တွင်း စည်းကမ်းဖောက်ဖျက်မှု သို့မဟုတ် တစ်စုံတစ်ရာ အမှားအယွင်းပြုလုပ်ထားခြင်း မရှိဘဲ ထောင်ဝန်ထမ်း အောင်ကျော်ဆင့်၏ နိုင်ငံရေးအကျဉ်းသားများအပေါ် ထားရှိသည့် ပုဂ္ဂိုလ်ရေးအငြှိုးအတေးဖြင့်သာ ရိုက်နှက်ညှဉ်းပန်းခဲ့ခြင်းဖြစ်ကြောင်း ထောင်နှင့်နီးစပ်သူများက ပြောဆိုသည်။

“ဘာအပြစ်မှ မလုပ်ဘဲနဲ့ ဘောလုံးပွဲကြည့်ပြီး ပြန်လာတာကို မေးပြီး ခေါ်ရိုက်တာ တချို့ဆို ဒဏ်ရာပြင်းထန်ပြီး အိပ်ရာထဲက မထနိုင်တဲ့ သူတွေပါရှိတယ်လို့ သိရတယ်” ဟု ထောင်နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောဆိုသည်။

ထောင်ဝန်ထမ်း၏ ရက်ရက်စက်စက် ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားအများစုတွင် မျက်နှာနှင့် ဦးခေါင်းတို့၌ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး အချို့မှာ ဒဏ်ရာပြင်းထန်လွန်းသဖြင့် အိပ်ရာမှပင် မထနိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article