24.9 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ခွင့်မပေးဟု မြန်မာစစ်တပ်က ငြင်း ဆန်မှု အာဆီယံဘုံသဘောတူညီချက် ချိုးဖောက်မှုအဖြစ် အာဆီယံလွှတ်တော်အမတ်များအဖွဲ့က အပြင်းအထန် ရှုတ်ချ

Must read

ရန်ကုန်၊ ဇူလိုင် ၈

အာဆီယံအထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာသရီဆာ လာဇာရို (Ma. Theresa Lazaro) ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပြုရန် မြန်မာစစ်တပ်က ငြင်းဆိုလိုက်ခြင်းသည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသ ဘောတူညီချက် (Five-Point Consensus) ကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း အာဆီယံလွှတ်တော်အမတ်များ အဖွဲ့- ASEAN Parliamentarians for Human Rights (APHR) က ဇူလိုင် ၇ ရက်နေ့တွင် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး အာဆီယံအထူးကိုယ် စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြောင်း၊ ယခုနောက် ဆုံး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုမှုကိုလည်း ပယ်ချလိုက်ခြင်းသည် အာဆီယံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိခိုက်စေပြီး ဘုံသဘောတူညီချက်၏ ယုံကြည်စိတ်ချရမှုကို ထပ်မံထိခိုက်စေကြောင်း APHR က ထုတ် ဖော်ပြောဆိုသည်။

ဖိလစ်ပိုင်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထား သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် မေ ၆ ရက်တွင် တွေ့ဆုံခွင့် တရားဝင်တောင်းခံခဲ့သည်။

သို့သော် ဇွန် ၃၀ ရက်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည် သည် ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သဖြင့် နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်မပြုနိုင်ကြောင်း ပြောဆိုကာ အာဆီယံ၏တောင်းဆိုချက်ကို ငြင်းဆိုခဲ့သည်။

APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားလွှတ်တော်အမတ် မာစီ ခရစ်စတီ ဘာရန်းဒ်စ် (Mercy Chriesty Barends) က စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့ထားသည်ဟု ကြေညာခဲ့သော်လည်း လွတ်လပ်သည့် အတည်ပြုစစ် ဆေးမှုများကို ခွင့်မပြုခြင်းကြောင့် ယင်းကြေညာချက်သည် သံတမန်ရေးဖိအား လျှော့ ချရန် ရည်ရွယ်သည့် လုပ်ရပ်သာဖြစ်ပြီး အမှန်တကယ် အပြုသဘောဆောင်သည့် တိုး တက် မှုဟု မယူဆနိုင်ကြောင်း ပြောကြားသည်။

APHR က ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့သည် ဇွန် ၁၉ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ၌ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သလို ၎င်း၏ ကျန်းမာရေးနှင့် လက်ရှိအခြေအနေကို နှစ်ပေါင်းများစွာ လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ထောက်ပြခဲ့သည်ကိုလည်း ရည်ညွှန်းဖော်ပြထားသည်။

ထို့ပြင် APHR က အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဝင်များ၊ ရှေ့နေများနှင့် လွတ်လပ်သော ဆေးဘက်ဆိုင်ရာအဖွဲ့များကို တွေ့ဆုံခွင့်ပြုပြီး ၎င်း၏ အခြေအနေကို အတည်ပြုနိုင်ရန် စီစဉ်ပေးရန်၊ စစ်ကောင်စီနှင့် နောက်ထပ်ထိတွေ့ဆက်ဆံမှုများကို အာဆီယံဘုံသဘောတူညီချက် အကောင် အထည်ဖော်မှုအပေါ် မူတည်၍သာ ဆောင်ရွက်ရန်နှင့် စစ်ကောင်စီအပေါ်သာမက ၎င်း၏ ပြင်ပထောက်ခံသူများအပေါ် ဖိအားတိုးမြှင့်ရန် တိုက်တွန်းထားသည်။

အာဆီယံ၏ အခြေခံအကျဆုံး တောင်းဆိုချက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခွင့်ကိုပင် မြန်မာစစ်တပ်က ငြင်းဆိုနေကြောင်း၊ အာဆီယံခေါင်းဆောင်များအနေဖြင့် စစ်ကောင်စီနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှုကို ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ် မြောက်ရေးအပါ အဝင် တာဝန်ခံမှုများအပေါ် အခြေခံဆောင်ရွက်သင့်ကြောင်း APHR က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article