25 C
Yangon

မြန်မာ့အရေး အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လူကိုယ်တိုင် ပထမဆုံးအကြိမ် လျှို့ဝှက်တွေ့ဆုံ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အရှိန်လျှော့ချ၍ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရေး ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကီယိုတို့က မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင် တံခါးပိတ် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Bilyonaryo News Channel က သတင်းဖော်ပြသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ပတ္တယားမြို့တွင် ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုသည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် လာဇာရိုက မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဆင့်မြင့်ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် လူကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားသော နိုင်ငံခြားရေးဝန်ကြီး စီဟာဆက်လည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လာဇာရိုနှင့် စီဟာဆက်တို့ကို အဖွဲ့အလိုက် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီ ဦးတည်သွားနိုင်မယ့် အလားအလာနဲ့ လမ်းကြောင်းကို ဆုံးဖြတ်ပေးမယ့် အချက်တွေ အများကြီး ရှိနေပါသေးတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဆင့်မြင့်အဖွဲ့ဝင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတာဖြစ်လို့ ဒီဆွေးနွေးမှုဟာ အလွန်အရေးကြီးပါတယ်” ဟု လာဇာရိုက ပြောဆိုသည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမည်များကို လာဇာရိုက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုထားသော်လည်း တွေ့ဆုံခဲ့သည့် အဖွဲ့အားလုံးမှာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တစ်ရပ်ဆီသို့ ဦးတည်ရန် လမ်းဖွင့်ထားကြောင်း ၎င်းက ဆိုသည်။

“ဒီအဆင့်မြင့်အရာရှိတွေ ကိုယ်တိုင် တက်ရောက်လာတဲ့အတွက် ကျွန်မတို့ ကြိုးပမ်းနေတဲ့ ကတိ ကဝတ်တချို့ ရရှိလာနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါဟာ အခြေအနေကို အကြီးအကျယ် ပြောင်းလဲပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်ချင်မှဖြစ်မယ်၊ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုတွေ့ဆုံမှု ပြုလုပ်နိုင်ခဲ့တာကိုယ်တိုင်က အလွန်ကောင်းမွန်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်” ဟု လာဇာရိုက ရှင်းပြသည်။

ထို့ပြင် ယင်းတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေအနေကို ပြောင်းလဲစေနိုင်သည့် အရေးပါသော ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်ခြေကို ပယ်ချ၍မရကြောင်း လာဇာရိုက ပြောဆိုသည်။

“ဒါဟာ အခြေအနေကို ပြောင်းလဲစေနိုင်တဲ့ Game Changer တစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ အလား အလာကို ကျွန်မ ပယ်ချမှာ မဟုတ်ပါဘူး။ ဆွေးနွေးမှုတွေအတွင်း ဘာမဆို ဖြစ်လာနိုင်ပါတယ်။ အရေးအကြီးဆုံးက ဘုံသဘောတူညီချက် ၅ ရပ်မှာ ထပ်ခါတလဲလဲ ပြောထားတဲ့ ဆွေးနွေးညှိနှိုင်းမှု အမှန်တကယ် ရှိနေတာပါပဲ” ဟု ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများနှင့် လက်နက်ကိုင်တော် လှန်ရေး ပေါ်ပေါက်လာခဲ့ကာ ပြည်တွင်းစစ်အတွင်း လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံး၍ ပြည်သူ ၃ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

အာဆီယံက ၂၀၂၁ ခုနှစ် ဧပြီလတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရေး၊ အထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် သက်ဆိုင်ရာအဖွဲ့များကို အထူးကိုယ်စားလှယ်က တွေ့ဆုံရေးတို့ ပါဝင်သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့သည်။

သို့ရာတွင် စစ်တပ်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း မရှိသဖြင့် အာဆီယံက မြန်မာစစ်ခေါင်းဆောင်များနှင့် နိုင်ငံရေးကိုယ်စားလှယ်များကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

ယင်းမတိုင်မီ ဇူလိုင်လ ၁၂ ရက်နေ့ ဘန်ကောက်မြို့တွင် လာဇာရိုက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်တပ်ခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့အကြား အလွတ်သဘောတွေ့ဆုံပွဲကို ဦးဆောင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ လျှော့ချရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆီသို့ ဦးတည်သည့် လက်တွေ့ကျသော ခြေလှမ်းများ လှမ်းရန် အာဆီယံက တိုက်တွန်းခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်တပ်ခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အကြား ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုဖြစ်သည်။

တံခါးပိတ်ဆွေးနွေးမှုအတွင်း တင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်နေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုခဲ့သည်ဟု လာဇာရိုက ထုတ်ဖော်ပြောဆိုသည်။

“သူပြောတဲ့ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေမျိုးတစ်ဦး၊ ညီမတစ်ဦးလို ဖြစ်တဲ့အတွက် သူမကို စောင့်ရှောက်သွားမယ်ဆိုတဲ့ သဘောပါ” ဟု လာဇာရိုက ပြောသည်။

ထို့ပြင် ယခုနှစ်နှောင်းပိုင်းတွင် လာဇာရို ဦးဆောင်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်အဖွဲ့ကို မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုရန် စစ်တပ်ဘက်က သဘောတူခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက်ကမူ မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် သက်ရောက်နေသည့် အကြမ်းဖက်မှုများ ပိုမိုလျှော့ချရန်နှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် လို အပ်ကြောင်း ပြောဆိုသည်။

“အထူးသဖြင့် အရပ်သားတွေအပေါ် သက်ရောက်မှုတွေ ရှိနေတဲ့အတွက် အကြမ်းဖက်မှုတွေ ဒီထက်ပိုပြီး သိသိသာသာ လျော့ကျသွားတာကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါက အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ဦးတည်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု စီဟာဆက်က ပြောသည်။

လာဇာရိုနှင့် စီဟာဆက်တို့က အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲထားပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးများတွင် အပြည့်အဝ ပြန်လည်ပါဝင်လိုပါက ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကကျကျ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း အလေးပေးပြောဆိုသည်။

သို့ရာတွင် စစ်တပ်၏ ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၉ ရက်နေ့တွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် အာဆီယံ၏ အခြေခံမူများနှင့် ကိုက်ညီမှုမရှိသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ ရေးအခြေအနေမှန်များကို ထင်ဟပ်ခြင်းမရှိဟုဆိုကာ အစိုးရအနေဖြင့် အဆိုပါ ငြိမ်းချမ်းရေးအစီ အစဉ်ကို ပြန်လည်သုံးသပ်ရန် အရေးကြီးအဆိုတစ်ရပ် အတည်ပြုခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ ရှည်လျားသော နယ်စပ်ကို မျှဝေထားသည့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံ အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ဝင်ရောက်လာရေးကို အခိုင်အမာ တွန်းအားပေးနေသော် လည်း စင်ကာပူနိုင်ငံကမူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ထိပ်တန်းအဆင့် အစည်းအဝေးများသို့ ပြန်လည်တက်ရောက်ခွင့်မရမီ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကကျကျ လိုက်နာအကောင် အထည်ဖော်ရမည်ဟူသော သဘောထားကို ဆက်လက်ကိုင်စွဲထားကြောင်း အာဆီယံသံတမန် ၃ ဦးက BNC သို့ ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article