ရန်ကုန်၊ ဇူလိုင် ၁၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းတွင် စစ်တပ်သတင်းပေးများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် PDF တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် CDM ဝန်ထမ်းမိသားစုများကို အကြမ်းဖက်စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီနှင့် အုတ်အင်းရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦး၏ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းကာ အဆိုပါအမျိုးသားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူ၏ ညီဖြစ်သူမှာ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူမှာလည်း စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ထားသော ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသားကို စစ်တပ်က ဖမ်းဆီးရာတွင် ဖမ်းဆီးရသည့် အကြောင်းရင်းကို ပြောဆိုရှင်းလင်းခြင်းမရှိဘဲ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် မိုးကုတ်မြို့အနောက်ပိုင်း၌ တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်များနှင့် CDM ဝန်ထမ်းမိသားစုများကို စစ်တပ်သတင်းပေးများက သတင်းပေးတိုင်ကြား၍ စစ်တပ်က ဆက်တိုက်ရှာဖွေဖမ်းဆီးနေသဖြင့် ဒေသခံပြည်သူများအကြား လုံခြုံရေးအထူးစိုးရိမ်နေရကြောင်း သိရှိရသည်။
“မိုးကုတ်မြို့အနောက်ပိုင်း အေးစေတီနဲ့ အုတ်အင်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား ၁ ဦးရဲ့ ညီဖြစ်သူက PDF တပ်ဖွဲ့ဝင်ဖြစ်ပြီး ဇနီးကတော့ CDM ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ အဲဒါကို စစ်ခွေးတွေက ဘာမှမပြောမဆိုဘဲ နေအိမ်ထဲဝင်ပြီး ဖမ်းဆီးသွားတယ်။ မိုးကုတ်မြို့အနောက်ပိုင်းမှာ တော် လှန်ရေးရဲဘော်တွေနဲ့ CDM မိသားစုတွေကို သတင်းပေးဒလန်တွေက ဆက်တိုက် သတင်းပေးပြီး ဖမ်းဆီးခိုင်းနေတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင်လည်း အသက် ၆၀ ဝန်းကျင်အရွယ် ရိုးရာအရိုးအကြောဆေးဆရာတစ်ဦးကို အကြမ်းဖက်စစ်တပ်က နေအိမ်၌ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅ ရက်အကြာတွင် သေဆုံး သည့် ရုပ်အလောင်းကိုသာ မိသားစုထံ ပြန်လည်ကြည့်ရှုရန် အကြောင်းကြားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၌ နေထိုင်သော အသက် ၆၀ ဝန်းကျင်အရွယ် ရိုးရာအရိုးအကြောဆေးဆရာ ဟာရှင်ဘိုင် ခေါ် ဦးခင်မောင်ချိုကို စစ်တပ်က ၎င်း၏နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၅ ရက်အကြာ ဇူလိုင်လ ၈ ရက်နေ့တွင် ဦးခင်မောင်ချို သေဆုံးသွားပြီဖြစ်၍ ရုပ်အလောင်းကို လာရောက်ကြည့်ရှုရန် စစ်တပ်ဘက်က မိသားစုထံ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
ဦးခင်မောင်ချိုကို မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးခဲ့သည်ကို စစ်တပ်က မိသားစုထံ အသိပေးရှင်းလင်းခြင်းမရှိသကဲ့သို့ ဖမ်းဆီးခံရပြီး ၅ ရက်အတွင်း မည်သို့သေဆုံးခဲ့သည်ကိုလည်း လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ထို့ပြင် ဦးခင်မောင်ချို၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရာတွင်လည်း အစ္စလာမ်ဘာသာရေးထုံးတမ်းအစဉ်အလာနှင့်အညီ သင်္ဂြိုဟ်ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။
ဟာရှင်ဘိုင် ခေါ် ဦးခင်မောင်ချိုသည် မြိတ်မြို့တွင် ရိုးရာအရိုးအကြောအနှိပ်ပညာဖြင့် ဆေးကုသပေးနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သော လူနာများကိုလည်း ကူညီကုသပေးလေ့ရှိသည့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။




