25.3 C
Yangon

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက International School များမှ ကျောင်းသား ကျောင်းသူများ ပြည်ပတက္ကသိုလ် များသို့ မသွားဘဲ ပြည်တွင်းတက္ကသိုလ်များသို့ လျှောက်ထားနိုင်ရန် စီစဉ်ပေးနေဟု စစ်တပ်ခန့် ပညာရေးဝန်ကြီး ညွှန်ကြားပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားနေသော ပုဂ္ဂလိက International School များမှ ကျောင်းသား ကျောင်းသူများ ပြည်ပတက္ကသိုလ်များသို့ သွားရောက်ပညာသင်ကြားခြင်းမပြုဘဲ ပြည် တွင်းတက္ကသိုလ်များသို့ ဝင်ခွင့်ဖြေဆို လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း စစ်တပ်လက်အောက်ခံ ပညာရေးဝန်ကြီး ချောချောစိန်က ညွှန်ကြားထုတ်ဖော်ပြောဆိုပြန်သည်။

ဇူလိုင်လ ၁၃ ရက်နေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ တွင် ပြုလုပ်သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို ညွှန်ကြားလာခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ စစ်တပ်လက်အောက်ခံ ပညာရေးဝန်ကြီး ချောချောစိန်၊ ဒုဝန်ကြီး ဇော်မြင့်နှင့် နေမျိုးလှိုင်တို့အပြင် ပညာရေးဝန်ကြီးဌာနမှ အရာရှိများ၊ ပုဂ္ဂလိကအခြေခံပညာကျောင်းများ၊ နိုင်ငံတ ကာသင်ရိုးညွှန်းတမ်း သင်ကြားသည့် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကကောလိပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ခန့် ပညာရေးဝန်ကြီး ချောချောစိန်က ပညာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ပုဂ္ဂလိကကျောင်းအချို့မှာ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း၊ ကျောင်းအင်္ဂါရပ်နှင့် စံချိန်စံညွှန်းအသစ်များအတွက် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ထားပြီး လာမည့်ပညာသင်နှစ်တွင် လိုအပ်သည့် ပြင်ဆင်မှုများ အပြီးသတ်ထားရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ပုဂ္ဂလိကကျောင်းများအနေဖြင့် သတ်မှတ်ထားသော စာသင်ခန်းအရေအတွက်နှင့် ကျောင်းဧရိယာ အကျယ်အဝန်း စံနှုန်းများကို လိုက်နာရမည်ဖြစ်ပြီး ကျောင်းတစ်ကျောင်း၏ လက်ခံနိုင်သည့် ကျောင်းသားဦးရေထက် ပိုမိုလက်ခံ၍ နှစ်ချိန်ခွဲသင်ကြားသည့် စနစ်ကို လာမည့်နှစ်များတွင် လက်ခံတော့မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပုဂ္ဂလိကကျောင်းများတွင် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကိုသာ အဓိကထားသင်ကြားခြင်းမပြုဘဲ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်မှု စသည့် ဘာသာရပ်များကိုလည်း လျှော့ချခြင်းမပြုဘဲ သင်ကြားရမည်ဟု စစ်တပ် ပညာရေးဝန်ကြီးက ပြောဆိုသည်။

ကျောင်းသား ကျောင်းသူများတွင် မျိုးချစ်စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်စေရန် နိုင်ငံတော် သီချင်း သီဆိုခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် ဇာတိမာန်သီချင်းများ သီဆိုခြင်းတို့ကို ကျောင်းများက လုပ်ဆောင်ပေးရမည်ဟု ချောချောစိန်က ညွှန်ကြားပြောဆိုသည်။

ပုဂ္ဂလိကကျောင်း ဆရာ ဆရာမများနှင့်ပတ်သက်၍လည်း လာမည့်နှစ်မှစတင်ကာ ၉ လကြာ သင်တန်းတက်ရောက်ပြီးသူများကိုသာ Green Card ထုတ်ပေးတော့မည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ အပ်နှံမှုစာရင်းများကိုလည်း သတ်မှတ်ထားသော Enrollment စည်းကမ်းချက်များနှင့်အညီ သက်ဆိုင် ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ မှန်ကန်စွာ တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းနောက် နိုင်ငံတကာသင်ရိုးညွှန်းတမ်း သင်ကြားသည့် ပုဂ္ဂလိက International School များမှ ကျောင်းသား ကျောင်းသူများအနေဖြင့် ပြည်ပတက္ကသိုလ်များသို့ မသွားဘဲ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ဖြေဆို လျှောက်ထားနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်တပ် ပညာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။

သို့ရာတွင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် ပညာသင်ကြားထားသော ကျောင်းသား ကျောင်းသူများကို ပြည်တွင်းတက္ကသိုလ်များသို့ မည်သည့်ဝင်ခွင့်စနစ်၊ အရည်အချင်းသတ်မှတ်ချက်နှင့် စာမေးပွဲပုံစံတို့ဖြင့် လက်ခံမည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ စစ်တပ် ပညာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

တွေ့ဆုံပွဲတွင် စစ်တပ် ပညာရေးဒုဝန်ကြီးများက ပုဂ္ဂလိကကျောင်းလခ သတ်မှတ်ရေး၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများဆိုင်ရာ စည်းကမ်းများ၊ ကျောင်းမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း၊ ဆရာ ဆရာမခန့်ထားရေးနှင့် နိုင်ငံချစ်စိတ်၊ ယဉ်ကျေးမှုထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကျောင်းများနှင့် ပုဂ္ဂလိကကောလိပ်များမှ ကိုယ်စားလှယ်များက ၎င်းတို့၏ အခက်အခဲနှင့် သိရှိလိုသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး စစ်တပ် ပညာရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ကြောင်း စစ်တပ်လက်အောက်ခံ သတင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article