25.3 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများအနေဖြင့် ပြစ်မှု ၆ မျိုးကို ကျူးလွန်ပါက ချက်ချင်း ပြည်နှင်ဒဏ်ပေးရန် ထိုင်းအစိုးရက အတည်ပြု

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများက သတ်မှတ်ထားသော ပြစ်မှု ၆ မျိုး ကျူးလွန်ပါက နိုင်ငံအတွင်းမှ လျင်မြန်စွာ ပြည်နှင်ဒဏ်ပေးနိုင်ရေး စည်းမျဉ်းအသစ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ပြုလုပ်သည့် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် Pakorn Nilprapunt က တင်ပြသော ဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းမူကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ယခင်က နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရေးနှင့်ပတ်သက်၍ သီးခြား တရားဝင်အုပ်ချုပ်ရေးစည်းမျဉ်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ပြစ်မှုကျူးလွန်သူနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံခြားသားများကို ပိုမိုမြန်ဆန် ထိရောက်စွာ အရေးယူနိုင်ရေး ယခုစည်းမျဉ်းကို ရေးဆွဲခြင်းဖြစ်ကြောင်း ပြောဆိုသည်။

စည်းမျဉ်းမူကြမ်းအရ ပြည်သူ့အေးချမ်းသာယာရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေးအတွက် လိုအပ်ပါက နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်သည့် ပြစ်မှု ၆ မျိုး သတ်မှတ်ထားသည်။

ယင်းတို့မှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် တရားမဝင် နေထိုင်ခြင်း၊ နိုင်ငံ ခြားသား အလုပ်သမားဥပဒေကို ချိုးဖောက်၍ တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ နိုင်ငံခြားသား စီးပွား ရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ တရားမဝင် စီးပွားရေးလုပ်ကိုင်ခြင်း၊ အစိုးရတရားဝင် စာရွက်စာတမ်းများ အတုပြုလုပ်ခြင်း သို့မဟုတ် စာရွက်စာတမ်းအတု အသုံးပြုခြင်း၊ ထောင်ဒဏ် ၃ နှစ်နှင့်အထက် ချမှတ်နိုင်သော ပြစ်မှုကျူးလွန်ခြင်းနှင့် အထက်ပါ ပြစ်မှုများတွင် အဓိကကျူးလွန်သူ၊ လှုံ့ဆော်သူ သို့မဟုတ် ကူညီပံ့ပိုးသူအဖြစ် ပါဝင်ခြင်းတို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စည်းမျဉ်းသည် ထိုင်းနိုင်ငံအတွင်း နေထိုင်၊ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါ အဝင် နိုင်ငံခြားသားအားလုံးနှင့် သက်ဆိုင်မည်ဖြစ်ပြီး သတ်မှတ်ပြစ်မှုများ ကျူးလွန်ပါက ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်အောက်တွင် အရေးယူခံရနိုင်မည်ဖြစ်သည်။

ပြစ်ဒဏ်ကျခံနေသော နိုင်ငံခြားသားတစ်ဦးကို အကျဉ်းထောင်မှ မလွှတ်မီ အကျဉ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ယင်းနိုင်ငံခြားသား၏ အမည်၊ နိုင်ငံသားဖြစ်မှု၊ အမှုတွဲနှင့် သက်သေအထောက်အထားများကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် သို့မဟုတ် တာဝန်ပေးအပ်ထားသူထံ သတ် မှတ်ကာလအတွင်း အကြောင်းကြားရမည်ဖြစ်သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးထံ အမှုကို အမြန်ဆုံးတင်ပြ၍ ပြည်နှင်ဒဏ်ပေးမိန့် ထုတ်ပြန်ရန် စဉ်းစားဆုံးဖြတ်မည်ဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံရသူကို ၎င်း၏ မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားဖြစ်မှု အတိအကျမရှိသူများကိုမူ ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ နောက်ဆုံးနေထိုင်ခဲ့ကြောင်း ထွက် ဆိုထားသည့် နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးမည်ဖြစ်သည်။

ထို့ပြင် ပြည်နှင်ဒဏ်ပေးခံရသူ၏ နိုင်ငံသားမဟုတ်သော တတိယနိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ယင်းလူကို လက်ခံလိုပါက သံတမန်လမ်းကြောင်းမှတစ်ဆင့် တရားဝင်တောင်းဆိုရမည်ဖြစ်ကြောင်း၊ ပြည်နှင်ဒဏ်မပေးမီ စောင့်ရှောက်စရိတ်နှင့် ပို့ဆောင်စရိတ်အားလုံးကို လက်ခံမည့်ဘက်က တာဝန်ယူရမည်ဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံရသူ၏ စာဖြင့်ရေးသားထားသော သဘောတူညီချက်လည်း ရရှိရမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရက ယခုစည်းမျဉ်းအသစ်သည် ပြစ်မှုကျူးလွန်သော သို့မဟုတ် တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ် ပိုမိုမြန်ဆန်ထိရောက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- ဘန်ကောက်ပို့စ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article