By ရန်ကုန်ခေတ်သစ်
အသက် ၆၅ နှစ်ပြည့်ချိန် စစ်တပ် ဦးစီးချုပ်ရာထူးမှ ပင်စင်ယူခါနီးတွင် သွေးလေခြောက်ခြားပြီး အာဏာရာထူး ငမ်းငမ်းတက် ဖြစ်နေသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းနိုင်ရေး အဓိက စတင်တွန်းအားပေးခဲ့သူတစ်ဦးမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦးပင်ဖြစ်သည်။
နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးသည် စစ်ကောင်စီမှ မတရားအာဏာသိမ်းမှု ဆောင်ရွက်ရာတွင် အဓိကတွန်းအားပေး ပါဝင်ပတ်သက်ခဲ့သည်။
NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ စစ်ဆေးရန် ပျော်ဘွယ် ကြံ့ဖွတ်အမတ် ဦးသောင်းအေးနှင့် တိုင်ပင်ကာ ပျော်ဘွယ်မဲစာရင်းများကို တရားမဝင်စစ်ဆေးခဲ့ပြီး မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ လိမ်လည်တင်ပြခဲ့သည်။
အာဏာသိမ်းရန် အကွက်ချောင်းနေသည့် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး မဲစာရင်းများ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး မဲစာရင်းများကို သန်းချီ မှားယွင်းသည်ဟူ၍ လုပ်ဇတ်ခင်းကာ နိုင်ငံတော်အာဏာကို အကြမ်းဖက် နည်းလမ်းဖြင့် သိမ်းယူခဲ့ခြင်းမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦး၏ စနက်ပင်ဖြစ်သည်။
ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းတစ်ဦးဖြစ်ပြီး မဲစာရင်း မှားယွင်းသည်ဟု အကြောင်း ပြကာ အာဏာသိမ်းခွင့်ရစေရေး ဆောင်ရွက်ပေးခဲ့သူဖြစ်၍ မင်းအောင်လှိုင်၏ ယုံကြည်မှုကို ရရှိခဲ့သူလည်းဖြစ်သည်။
ဗိုလ်မှူးချုပ် မြတ်မင်းဦးက မင်းအောင်လှိုင် အာဏာသိမ်းပြီး စစ်ကောင်စီနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းသောအခါ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း သူ ချောင်ထိုးခံခဲ့ရသည်။ တစ်ဖန် နည်းပညာရပ်နှင့်သက်ဆိုင်သော သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် ထပ်မံမျှော်လင့်ခဲ့သော်လည်း တခြားသူအား ခန့်အပ်သွားသဖြင့် ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပြန်သည်။
အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ယုံကြည်မှုရရှိပြီး ပုဂ္ဂိုလ်ရေးအရရင်းနှီးကာ စစ်ကောင်စီ လက်အောက်ခံ လဝကက ဆောင်ရွက်လျက်ရှိသည့် e-ID လုပ်ငန်းတွင်လည်း ဒုချုပ်စိုးဝင်း၏ပါဝါဖြင့် မဆီမဆိုင်ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ လိုအပ်သည့် IT ပစ္စည်းများ အမြတ်များများဖြင့် တင်သွင်းခွင့်ရရေး ကြိုးစားခဲ့သူလည်းဖြစ်သည်။
လက်ရှိရုရှားနိုင်ငံနှင့် ပူးပေါင်းကာ ရုရှားပြန်စစ်ဗိုလ်များဖြင့် ထပ်မံဖွဲ့စည်းမည့် ဝန်ကြီးဌာနအသစ်တွင် ဝန်ကြီးနေရာရရှိရေး နည်းမျိုးစုံဖြင့် ကြိုးစားနေသူလည်းဖြစ်သည်။
မိန်းမဖြစ်သူ အေးမြတ်သီတာနှင့် သားတစ်ဦး၊ သမီးတစ်ဦးရှိပြီး ယခင်က မြေနီကုန်းစမ်းချောင်းတွင် နေထိုင်ခဲ့ကြသည်။ အာဏာသိမ်းပြီးနောက် မြေနီကုန်းတွင် မနေရဲသဖြင့် နေပြည်တော် စစ်ရုံးချုပ်အတွင်းသို့ မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
အာဏာမသိမ်းခင် ကာလအထိ တပ်တွင်းတွင် ဇနီးသည် လိုက်ပါနေထိုင်ရမည်ဟူသည့် အမိန့်ကို နာခံခြင်းမရှိဘဲ တစ်ဦးတည်း လူလွတ်နေထိုင်ပြီး ရုံးချိန်ပြင်ပဘက်များတွင် KTV မာဆတ်များသို့ စမောပုံမှန် ဆွဲလေ့၊ သွားလေ့ရှိသူတစ်ဦးလည်းဖြစ်သည်။
ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် တပ်မတော် ကြည်း၊ ရေ၊ လေ သတင်းနှင့် နည်းပညာဌာန၏ ဌာနကြီးမှူးအဖြစ် တာဝန်ယူပြီး စစ်ကောင်စီနှင့် မင်းအောင်လှိုင် သက်ဆိုးရှည်ရေး ဦးဆွေးဆံမြည့် တာဝန်ထမ်းဆောင်နေသော စစ်ရာဇဝတ်မှုများ၏ သမိုင်းတရားခံတစ်ဦးပင်ဖြစ်သည်။