ရန်ကုန်၊ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပြည်သူများ အသံတိတ် သပိတ်ပြုလုပ်ချိန်၌ လမ်းမပေါ် ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၈ ဦး ထက်မနည်း သေဆုံးကာ ရေဦး-ရွှေဘိုလမ်းတွင်လည်း စစ်တပ် မိသားစုဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားအဖွဲ့နှင့် ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ခင်ဦးမြို့နယ် ရေဦးမူးမြစ်ကိုဖြတ်ကူးလာသော စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ ယာယီ တပ်စွဲစခန်း အဖြစ်ပြုလုပ်ထားသော ရွာသစ်ကုန်းရွာသို့ ပြန်လာချိန် ညနေ ၄နာရီခန့်တွင် နယ်မြေခံကာကွယ်ရေးတပ်ပေါင်းစုက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို အင်တိုင်းကျေးရွာအနောက် မူးမြစ်ကမ်းပါးအတက်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်း စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၈၀ခန့်ပါဝင်ကာ ထိခိုက် ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်သူ အသံတိတ် သပိတ်ပြုလုပ်နေသော ညနေ ၃နာရီခန့်တွင်လည်း ရေဦး-ရွှေဘိုလမ်းမှ ရွှေဘိုသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစုများ လိုက်ပါလာသည့် မော်တော်ယာဉ်လည်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားအဖွဲ့ထံမှ သိရသည်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ ကန်သာယာအနီး 1982 ဘီယာဆိုင်ရှေ့နှင့် အောင်မဂ်လာလမ်းရှိ လုံခြုံရေး ယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း နယ်စည်းမခြား ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း မုံရွာတပ်စိပ်နှင့် DRPA၊ မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ကနီဒေါင်း မျိုးဆက်အဖွဲ့တို့က ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။