ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၊ ဂ ရပ်ကွက် ၊ ဥက္က ၅ လမ်းရှိ လေ တပ် ဗိုလ်မှူးကြီးအောင်မျိုးကျော်၏ နေအိမ်တွင် ယနေ့ နံနက် ၅ နာရီခွဲ ဝန်းကျင် တွင် ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ဗုံးပေါက်သည့် အိမ်သည် ဗိုလ်မှူးကြီးအောင်မျိုးကျော် (လေ ၂၀၈၄) ခေတ္တ ဒုတိယလေတပ်စခန်းဌာနချုပ်မှူး ၊ အမှတ်(၁၄၂)ဥက္ကာ(၅)လမ်း၊(၈)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့၊ရန်ကုန်(မြောက်ပိုင်းခရိုင်)၏ နေအိမ်ဖြစ်ကြောင်း သိရှိရသည်။ “နေအိမ်ထဲကနေ ပေါက်တာ။ ဘယ်လို ဗုံးပေါက်လဲတော့မသိသေးဘူး။ အခုတော့ လမ်းပိတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါ တိုင်နှင့် ကြံ့ခိုင်ရေးရုံးကို ယနေ့ နံနက်ပိုင်း PHF က ဗုံးခွဲတိုက်ခိုက်ကြောင်း အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်လည်းကောင်း၊ နံနက် ၆ နာရီ ၅၀ မိနစ် အချိန်တွင်လည်းကောင်း စစ်တပ်ပိုင် Mytel ရုံးနှင့် ကြံ့ခိုင်ရေးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း People H.T.Y Force ကတိုက်ခိုက်ကြောင်း သိရှိရသည်။ အလားတူ ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ရန်ကုန်မြို့ ရန်ကင်း မြို့နယ် မိုးကောင်းလမ်းနှင့်ရတနာလမ်းထောင့် ရှိ ယာဥ်ထိန်းရဲကင်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ၁၀ မိနစ်အကြာ ယင်းပေါက်ကွဲမှုကို လာစစ် ဆေးသည့် စစ်သားများရောက်ရှိလာချိန် နောက်ထပ်ဗုံးတစ်လုံးထပ်မံ ပေါက် ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ “နံနက် ၆ နာရီမှာ ၁ ကြိမ်၊ ၆ နာရီ ၁၀ မိနစ်မှာ ၁ ကြိမ် ဗုံးကွဲသံ အတော်ကို ကျယ်တယ်။ မိုးကောင်းရတနာ ဆေးရုံနားက ဘဲဥရဲကင်းမှာ ပေါက်တာလို့ ပြောတယ်” ဟု ရန်ကင်းပြည်သူတစ်ဦး က ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်တပ်သားတချို့ဒဏ်ရာရရှိခဲ့ပြီး CCTV Control Box လည်း ပျက်စီးခဲ့ကြောင်း သတင်းဖော်ပြမှုများရှိသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုရန် ဆက်လက်ကြိုးပမ်းလျက်ရှိရသည်။