ရန်ကုန်၊ အောက်တိုဘာ ၂၁
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အောက်တိုဘာလ ၂၁ ရက် ယနေ့နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့သော မြို့တွင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း ယနေ့တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။
ကော့ကရိတ်-မြဝတီ လမ်းဟောင်းပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ထွေအုပ်ရုံးများကို ဗိုလ်အယ်စေးဝါး ဦးဆောင်သည် Lion Battalion Commando Special Force၊ ဗိုလ်ကျော်သက် ဦးဆောင်သည့် KNLA တပ်ရင်း ၂၇ နှင့် ကျားဖြူစစ်ကြောင်းများ၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Black Panther စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့များ၊ ဒေါနစစ်ကြောင်း အပါအဝင် မဟာမိတ် တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
KNLA ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ချိန်မှစ၍ အမှတ် ၇ ရပ်ကွက်အတွင်းသို့ ခလရ ၉၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ကူပေးခဲ့ကြောင်း ရှေ့တန်းတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။
“အမှတ် ၇ ရပ်ကွက်၊ တံတားဦးရပ်၊ စံပယ်ဖြူလမ်းထဲက လူနေအိမ် ခြံဝင်းအနောက်မှာ တိုက်လေယာဉ်က ပစ်တဲ့ ဒုံးကျည် ပေါက်ကွဲပါတယ်၊ လူနေအိမ်များတုန်ခါသွားတယ်၊ အိမ်မျက်နှာချက်များပြိုကျတယ်။ တံတားဦးဘက်မှ ထိခိုက်ဒဏ်ရာလူနာများရှိနေပါတယ်၊ ၉၇ ထဲက ပစ်တာ” ဟု အခြားဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ယနေ့နံနက် ၁၁ နာရီခန့်တွင် ပြောဆိုသည်။
ယင်း လက်နက်ကြီး ကျည်ဆံများသည် အများပြည်သူနေထိုင်ရာ နေအိမ်ခြံဝင်းများနှင့် ဘုန်းကြီးကျောင်းဆောင်တစ်ခု အပါအဝင် အဆောက်အဦး ၁၀ လုံးခန့် ထိမှန်ပျက်စီးပြီး ပြည်သူ အနည်းဆုံး ၂ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေတယ်၊ ကော့ကရိတ်ဆေးရုံမှာ လူနာ ၁၀ ယောက်ကျော် ရောက်တယ်ပေါ့၊ ကလေး ၆ ယောက်လောက် ပါတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။
ကော့ကရိတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ထွေအုပ်ရုံးများကို KNLA ပူးပေါင်းအဖွဲ့က နံနက်ပိုင်းမှာပင် စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့ကာ အချုပ်ထောင်ကို ဖွင့်လိုက်နိုင်ကြောင်း ကျားဖြူစစ် ကြောင်း တပ်ခွဲ ၁ က သတင်းထုတ်ပြန်ခဲ့သည်။
အချုပ်ထောင်ကို ဖွင့်ပေးခဲ့သော်လည်း လက်ရှိတွင် ရာဇဝတ်ပြစ်မှု အချုပ် သားများကို လွှတ်ပေးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းတိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်နှင့်တကွ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရပြီး အရေအတွက်ကို ရန်ကုန်ခေတ်သစ်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က Yak-130 အမျိုးအစား တိုက်လေယာဉ် ၂ စီးဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲသည် ဆက်လက်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်များအပြင် Mi 35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်ပါ မွန်းလွဲပိုင်းမှ စတင်ပြီး ပစ်ကူပေးခဲ့သည်။
“လက်နက်ကြီးကတော့ Battle Area ကို ပစ်တယ်လို့ ယူဆရတာပဲ၊ မြို့တွင်းတိုက်ပွဲဆိုတော့ အိမ်တွေ ထိတာပေါ့။ လေကြောင်းကနေကျတော့ တိုက်ပွဲနေရာထက်ကို အနီးဝန်းကျင်က ရွာတွေကို ပစ်တာ။ တိုက်ပွဲကလည်း လမ်းဟောင်းနားမှာ ဖြစ်တာလေ၊ ကော့ကရိတ်မြို့ရဲ့ မြောက်ဘက်ပေါ့ အဲဒီဘက်တွေကို လေကြောင်းက အဓိက ပစ်တာ၊ ရွာ ၇ ရွာလောက်က ဒေသခံတွေ ရှောင်ရတယ်။ ရွာသား ထိခိုက်မှုတွေ ရှိတယ်လို့ သိရတယ်။ အရေအတွက်ကတော့ မသိရသေးဘူး” ဟု KNLA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ကော့ကရိတ်မြို့အအနောက်ဘက် တံတားကျိုးကျေးရွာ အနီးတွင် စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀၊ ခလရ ၂၃၁ တပ်ရင်းများ ရှိနေပြီး ကော့ကရိတ် မြို့လယ်တွင် ခလရ ၉၆ တပ်ရင်း အခြေစိုက်ထားသည်။
“တိုက်ပွဲက ဒီနေ့ ၈ နာရီကျော် ကြာတာဆိုတော့ အချိန်က ကြာသွားပြီ၊ ကျနော်တို့ ပွိုင့်နေရာတွေကို ရန်သူကလည်း သိနေပြီဆိုတော့ ခလရ ၉၆ ကို မတိုက်ဖြစ် တော့တာ၊ တိုက်ရင် ရတယ်၊ မတိုက်တော့တာ။ မြို့သိမ်းတိုက်ပွဲ အဆင့် မဟုတ်သေးပါဘူး” ဟု KNLA ပူးပေါင်းတပ် ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
စစ်ကောင်စီသည် ယနေ့ တစ်ရက်အတွင်း ကော့ကရိတ်မြို့နယ်တဝိုက်ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ၅၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ က ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
“အခု လက်ရှိကတော့ အခြေအနေ ငြိမ်သက်နေတယ်၊ ညနေ ၅ နာရီ ၄၀ လောက်က အာရှလမ်းဘက်ကို လေကြောင်းကနေ ပစ်သွားတယ်၊ ရမ်းပစ်တဲ့ သဘောပေါ့” ဟု KNLA ပူပေါင်းတပ်မှ တပ်ခွဲတာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးသည်ဟု မျက်မြင်တွေ့ရှိရကြောင်း Justice Soldiers PDF အဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါစာရင်းတွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သည် Lion Battalion နှင့် စစ်တပ်ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်စဉ်များ မပါဝင်ကြောင်း သိရှိရသည်။
Lion Battalion မှ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ မြို့သိမ်းတိုက်ပွဲ အမည်တပ် ကြေညာထားသည်။
မြို့ပြအနီးကပ်တိုက်ပွဲဖြစ်သည့်အလျှောက် တိုက်ပွဲဝင် ရဲဘော်များအတွက် ကျည်ကာအပါအဝင် စစ်ရေးအထောက်အပံ့ပစ္စည်းများလည်း လိုအပ်လျှက်ရှိပသဖြင့် ပြည်သူများအနေဖြင့် မိမိတတ်နိင်သည့် ဘက်မှ ပါဝင်ကူညီပေးကြပါရန် ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Special Force က သတင်းထုတ်ပြန်ထားသည်။
ယခင်ရက်ပိုင်းများမှ စတင်ကာ ကျားဖြူစစ်ကြောင်း တပ်ခွဲအချို့က ကော့ကရိတ်-မြဝတီလမ်းပိုင်းအချို့ကို ထိန်းချုပ်ကာ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ အာရှလမ်းကို ပိတ်ထားလိုက်ပြီး ခရီးသွား ကားအများအပြား ပိတ်မိနေခဲ့သည်။
ကော့ကရိတ်မြို့၌ ယနေ့ တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီက မြဝတီမြို့အပါအဝင် KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ မြို့နှင့် ကျေးရွာအချို့တွင် လုံခြုံရေးများ တင်းကြပ်ထားကာ ဖမ်းဆီးမှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။