26.8 C
Yangon

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို အသက်သေဆုံးသည်အထိ ဦးဆောင်နှိပ်စက်ကြသည့် အကျဉ်းဦးစီး အရာရှိ၊ ဝန်ထမ်း ၉ ဦး အမည်စာရင်းထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများက “ငရဲခန်းမှ လက်ရုံးများဆန့်တန်းခြင်း”အမည်ဖြင့် ထောင်တွင်းအချက်အလက်များကို ထုတ်ဝေ ဖြန့်ချိလိုက်ပြီး ထိုအထဲတွင် အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို အသက်သေဆုံးသည်အထိ ဦးဆောင်နှိပ်စက်ကြသည့် အကျဉ်းထောင် အရာရှိ၊ ဝန်ထမ်း ၉ ဦး၏ အမည်စာရင်းကို ထုတ်ပြန်လိုက်ကြသည်။

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စိတ်ပါလက်ပါ အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ကြသူများမှာ-

၁-ညွှန်ကြားရေးမှူး မျိုးဦး၊
၂-ထောင်ပိုင်ကြီး- ဇော်လွင်အောင်၊
၃-ဦးစီးအရာရှိ (ဦးစီးမှူး) – ထွန်းဝင်းထိုက်၊
၄-ဦးစီး – ရဲကျော်သူ၊
၅-ဒု-ဦးစီး – ဝေလင်းဦး၊
၆-ဒု-ဦးစီး – ဟိန်းဇော်ဇော်၊
၇-ဒု-ဦးစီး – မြတ်ကျော်အေး၊
၈-ဒု-ဦးစီး -ရဲမြင့်ဦး၊ တပ်ကြပ်-ကျော်စိုး၊
၉-ဒု တပ်ကြပ် – ကျော်စိုးထိုက်တို့ ဖြစ်ကြသည်။

အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ဦးရေ၊ ထောင်တွင်း မတရားနှိပ်စက်မှုများ၊ မတရားနှိပ်စက်ခြင်းကို အားတက်သရောပါဝင်ခဲ့သည့် ထောင်အာဏာပိုင်များ အမည်များနှင့် အင်းစိန်ထောင်တွင်း အကျဉ်းသားများ၏ ထောင်တွင်းလှုပ်ရှားမှုများနှင့် နိုင်ငံရေးဆိုင်ရာ ထုတ်ပြန်ချက်များ ပါရှိသည်။

အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများထဲတွင် အသက်မပြည်သေးသည့် ကလေးများ အပါအဝင် အသက်အသက် ၂၀ အောက်မှ အသက် ၂၀ အထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်၊ အသက် ၂၁ မှ ၃၅ နှစ်ကြား နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်။ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို နိုင်ငံရေးအကျဉ်းသား ၁၀ ဂဏန်းဝန်းကျင်အထိ ရှိနေကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးချိန်တွင် နိုင်/ကျဉ်းများကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်မှုများ ကျူးလွန်ခဲ့ပြီး နိုင်/ကျဉ်း ၅ ရာခိုင်နှုန်းခန့်မှာ ကိုယ်လက်အင်္ဂါဆုံးရှုံးသည်အထိ ခံစားရသူများ ရှိနေကြောင်း ၊ နိုင်/ကျဉ်းများကို ညှင်းပန်းနှိပ်စက်မှုများထဲတွင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ သပြေဆောင်တွင် နိုင်/ကျဉ်း ၁၃ ဦး အစာငတ်ခံ ဆန္ဒပြမှုကို ထောင်အာဏာပိုင်များက အပြင်းအထန်ရိုက်နှက်ခဲ့ပြီး အကျဉ်းပိတ်ပြစ်ဒဏ်များ ပေးခဲ့ကာ တိုက်ပိတ်နေစဉ်တွင်လည်း ရိုက်နှက်မှုကြောင့် တစ်ဦးမှာ လက်ကျိုးပြီး တစ်ဦးမှာ ခေါင်းကွဲ ဒဏ်ရာရရှိခဲ့သော်လည်း ဆေးကုသပေးခြင်း မရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လူငယ်ဆောင်တွင်လည်း ဇွန်လ ၁၉ ရက်နေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ဖြစ်၍ “77”နံပတ်နှင့် အတူ အင်္ကျီနောက်ကျောတွင် နိုင်ငံရေးအကျဉ်းသားများက မွေးနေ့ဆုတောင်းကဗျာရေးသားကာ မွေးနေ့ပွဲကျင်းပမှုကို အင်္ကျီများ ချွတ်ခိုင်းကာ ရိုက်နှက်ခဲ့ကြောင်း၊ အကျဉ်းသား လေးဦးကိုလည်း တိုက်ပိတ်ထားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့(နိုင်ငံတကာ လူ့အခွင့်အရေးနေ့) တွင်လည်း စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်ပြုလုပ်မှုကို အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား ၉၀ ကျော် ပါဝင်ဆန္ဒပြခဲ့ခြင်းကို ရိုက်နှက်နှိပ်စက်ခဲ့၍ ခေါင်းကွဲသူများ၊ တိုက်ပိတ်ခံရသူများ ရှိခဲ့ကာ အကျဉ်းသားအခွင့်အရေးအားလုံး ပိတ်ပင်ခံခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်လည်း အင်းစိန်ထောင်တွင် အာဇာနည်နေ့အလေးပြုခွင့်ပေးရန် တောင်းဆိုရာမှ ဗ.က.သ အသိုင်းအဝိုင်းမှ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို ထောင်မကြီးထဲ ခေါ်ဆောင်ရိုက်နှက်ပြီး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။

ထို့ပြင် နိုင်ငံရေးသမား ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခြင်းအပေါ် အင်းစိန်ထောင်တွင်း နိုင်/ကျဉ်းများမှ ဩဂုတ်လ ၁ ရက်နေ့ ၈ ရက်နေ့အထိ အစာငတ်ခံဆန္ဒပြခဲ့ကြမှုအပေါ် အကြမ်းဖက်စစ်အုပ်စုမှ အကြမ်းဖက် ရိုက်နှိက်ပြီး တိုက်ပိတ်ခဲ့ကြောင်းနှင့် အတိအကျ သတင်းယူ၍ မရသေးသည့် အခြားညှင်းပန်းနှိပ်စက်မှုများလည်း အများအပြားရှိကြောင်း အင်းစိန်ထောင်တွင်းဖိနှိပ်စက်မှုများကို ရေးသားထားသည်။

နိုင်/ကျဉ်းများကို ညှင်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့သည်မှာလည်း သာမထောင်ဝန်ထမ်းနှင့် အခြားရာဇဝတ်မှုကျူးလွန်သူများသာ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ အကျဉ်းထောင်အာဏာပိုင်အကြီးအကဲများ ကိုယ်တိုင် စိတ်လိုလက်ရ ညှင်းပန်းနှိက်စက်ကြခြင်းဖြစ်ကြောင်း၊ အင်းစိန်ထောင်တွင်းအာဏာပိုင်များမှ ထောင်တွင်းလိုအပ်ချက်များကို ဥပဒေဘောင်အတွင်းမှာ တောင်းဆိုခွင့်ရှိသည်ဟုပြောသော်လည်း ရိုက်နှက်ဖိနှိပ်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ အနေနှင့် နိုင်ငံရေး လိုလားချက်များအဖြစ် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ ကျောင်းသားပြည်သူများ ချက်ချက်လွတ်မြောက်ရေး တို့ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများကို မတရား ဖိနှိပ်ရက်စက်နေခြင်းနှင့် ပတ်သက်၍ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်း သားများက လူ့အခွင့်အ‌ရေးဆိုင်ရာမဟာမင်းကြီးရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးအရေးယူပေးရန် တောင်းဆိုထားပြီး နိုင်/ကျဉ်းများ အနေနှင့် အကျဉ်းသားအခွင့်အရေး၊ နိုင်/ကျဉ်းတို့၏ စံတန်ဖိုးနှင့် ရပိုင်ခွင့်များကို အကျဉ်းထောင်မှ မည်သို့ပင် ဖိနှိပ်စေကာမူ အသေခံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း မှတ်တမ်းတွင် ရေးသားထား သည်။

ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article