ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်တွင် စစ်တပ်က ယနေ့ အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၄ ဦးကို ပစ်ခတ် သတ်ဖြတ်လိုက်ပြီး ကလေးကင်ပွန်းတပ်ပွဲ အလှူကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးမှုများပြားကြောင်း ရခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း အရပ်သားပြည်သူများ၏ ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ်အတွင်း စစ်ကောင်စီ မောင်တောမြို့နယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁) ဦး အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပြီး၊ (၂၀) ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၁) နာရီ၊ (၃၀) မိနစ်တွင်လည်း စစ်ကောင်စီ၏ ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉) တပ် ရင်းမှ ပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆံသည် ကျောက် တော်မြို့နယ်၊ ချောင်းတူကျေးရွားအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၅၀) အရွယ် အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး၊ အခြား (၃) ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီသည် ရက္ခိုင်ဒေသ၌သာမက မြန်မာပြည်အနှံ့ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိကြောင်း၊ ပြည်သူလူထုများအပေါ်စစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်သူများကို မဖြစ်မနေ လက်စားချေသွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန် ကြေညာသည်။