ရန်ကုန်၊ ဒီဇင်ဘာ ၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံရွာကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ စဉ် လက်နက်များ အပ်နှံခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူးကို ထောင်ဒဏ် နှစ် ၅၀ အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် စစ်တပ်က အမှုဖွင့်ထားကြောင်း Natogyi Regional Defense Force – NRDF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဗလုံကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင် လည်း ဖြစ်သူ ကျော်ဆွေ၏ နေအိမ်ကို NRDF တပ်ဖွဲ့က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး ကျော်ဆွေထံမှ MA-3 မောင်းပြန် တစ်လက်၊ Rifle (၃)လက် နှင့် ကျည် အချို့ကို ဝင်ရောက် သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်အတွက် အုပ်ချုပ်ရေးမှူး ပျူစောထီး ကျော်ဆွေကို အကြမ်းဖက် စစ်တပ်က မြင်းခြံ စစ်ကြောရေးသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်နက် ပျောက်ဆုံးမှုဖြင့် ရိုက်နှက် စစ်ဆေးလျက်ရှိကြောင်း၊ ထို့ပြင် အနည်းဆုံး ထောင်ဒဏ်နှစ် ၄၀ မှ ထောင်ဒဏ်နှစ် ၅၀ ထိ ကျခံနိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
“ကျော်ဆွေကို အကြမ်းဖက် စစ်တပ်က မြင်းခြံ စစ်ကြောရေးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ လက်နက် ပျောက်ဆုံးမှုနဲ့ ရိုက်နှက် စစ်ဆေးနေတယ်လို့တော့ သိရတယ်။ အနည်းဆုံး ထောင်ဒဏ်နှစ် ၄၀ ကနေ ၅၀ ထိချမှတ်နိုင်တယ်လို့ သိထားရတယ်။ ဗလုံကျေးရွာအတွက်လည်း အုပ်ချုပ် ရေးမှူး အသစ် ထပ်မံ ရွေးချယ်မယ်လို့ သိထားရတယ်” Natogyi Regional Defence Force – NRDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။