ရန်ကုန်၊ ဒီဇင်ဘာ ၁၆
မန္တလေး၊ မြင်းခြံမြို့နယ်၊ ထိန်ပန်းရွာသစ်ရွာမှ ပြည်သူ ၆ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို ၃ နေရာခွဲ၍ စွန့်ပစ် ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်တပ်က ထိန်ပန်းရွာသစ်ရွာကို ပိတ်ဆို့ စစ် ဆေးပြီး ပြည်သူပိုင်နေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ထိန်ပန်းရွာသစ် ကျေးရွာကို ထပ်မံစီးနင်းခဲ့ကာ ကိုအောင်နိုင်ဝင်း၊ ကိုဇော်နိုင်ဝင်း၊ ကိုအောင်ဇေယျာဖြိုး၊ ကိုမင်းသူ၊ ကိုအောင်သန်းကျော်နှင့် ကိုကောင်းဆက်နိုင်တို့ ၆ ဦးကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသော ကျေးရွာ သား ၆ ဦးကို လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ၊ ဦးခေါင်း ကွဲအက် ဒဏ်ရာများဖြင့် နေရာ ၃ နေရာခုတွင် စွန့်ပစ်သွားခဲ့သည်ကို တွေ့ရှိရ ကြောင်းသိရသည်။
မြင်းခြံမြို့နယ်၊ ကံရွာ(ခေါင်းကွဲ) မြောက်ဘက်ရှိ တံတားသစ်အနီး၌ ကိုအောင် သန်း ကျော် နှင့် ကိုကောင်းဆက်နိုင်တို့၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီး မြို့နယ်အစပ် သင်ပြွန်း လမ်းခွဲအနီးတွင် ကိုအောင် ဇေယျာ ဖြိုးနှင့် ကိုမင်းသူတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ ကြောင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ် ရွာကြီးရွာ အနောက်ဘက် သူကြီးကန်အနီးတွင် ကိုအောင်နိုင်ဝင်းနှင့် ကိုဇော်နိုင်ဝင်းတို့ ရုပ်အလောင်းများ ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
” နိုဝင်ဘာလ ၂၈ ရက်နေ့က ထိန်ပန်းရွာသစ်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၇ ကောင်သေတယ်။ အဲဖြစ်စဥ် ဖြစ်ပြီးတဲ့ နောက်ပိုင်း ရွာကို ဒီဇင်ဘာ ၆ ရက်နေ့မှာ မီးရှို့ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ လူငယ် ၆ ဦးကို ဖမ်းဆီးသွားတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို ၃ နေရာခွဲပြီး စွန့်ပစ်သွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။