စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ ကျောင်းသား၊ လူငယ် ၁၁ ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင် ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၅ နှစ်ထိချမှတ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ရန်ကုန်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ် ၁၀ ဦးနှင့် မန္တလေးမှ ကျောင်းသား ၁ ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၅ နှစ်ထိချမှတ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၃၉၂/၁၁၄ ဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် တတိယနှစ် ကျောင်းသူ မဝင်းထက်မာ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် ကျောင်းသား၊ လူငယ်များနှင့် ဆက်စပ်သူများဖြစ်သည့် ကိုကျော်ဇင်လင်း၊ ကိုမင်းဟိန်းသူ၊ ကိုဝင်းထိုက်ကိုကို၊ ကိုသူရအောင်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ မနန်းသင်းမြတ်စုအောင်နှင့် ကိုသူရအောင်၏ မိဘနှစ်ပါးဖြစ်သော ဦးနိုင်ဝင်းနှင့် ဒေါ်ကလျာစုလှိုင်သန့်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်၊ ကိုကျားလေး (ခေါ်) ကိုမင်းလတ်ချို နှင့် ဦးအောင်အောင်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
” နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ ကျောင်းသား၊ လူငယ်တွေနဲ့ သူတို့နဲ့ ပတ်သက် ဆက်စပ်တဲ့သူ အားလုံးပေါင်း ၁၀ ဦးကို ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်။ ဒီနေ့အမိန့် ချတာကတော့ အနောက်ပိုင်း ခရိုင်တရားရုံးကပဲ ၁ ဦးကတော့ စိတ်ကျန်းမာရေးအခြေနေသိပ်မကောင်းဘူး လို့ သိရတယ်။ ဆေးရုံတက်လိုက်ရတယ်လို့ သိရတယ်။ တခြားသူတွေကတော့ သာမာန်ဖျားနာတာမျိုး ဖြစ်တတ်ပေမယ့် ထွေထွေထူးထူးရောဂါဆိုးတော့ မရှိပါဘူး” ဟု သတင်း အချက်အလက်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း အရှေ့ပိုင်းခရိုင် တရားရုံးမှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၂/၁၁၄ ဖြင့် မဝင်းထက်မာ၊ ကိုကျော်ဇင်လင်း၊ ကိုမင်းဟိန်းသူနှင့် ကိုဝင်းထိုက်ကိုကို တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ၎င်းတို့ ၄ ဦးသည် အလုပ်ကြမ်းနှင့်ဘထောင်ဒဏ် ၂၀ နှစ်ချမှတ်ခံထားရသည်။
အလားတူ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ဗကသ) ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျောက်ဆည်ခရိုင်တရားရုံးခရိုင်တရားသူကြီး ဒေါ်စမ်းစမ်းရီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
“မေလကုန်မှာ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ လက်ရှိတော့ ၅၀ ညနဲ့ ချလိုက်တယ်ဗျ” ဟု Yadanabon University Students’ Union – ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ပြောကြား သည်။
ကိုနိုင်ရဲဝေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀ ည နှင့် ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်ကြောင်း၊ ကိုနိုင်ရဲဝေသည် ၂၀၁၅ ခုနှစ် ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည့်အတွက် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံခဲ့ရသလို ၂၀၁၈ ခုနှစ်တွင်လည်း ပုဂ္ဂိုလ်ရေးကိစ္စနှင့် မန္တလေး အိုးဘိုထောင်တွင် ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။