လောင်းလုံးတွင် လက်နက်ကိုင် စစ်မှုထမ်းဟောင်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင် စစ်မှုထမ်းဟောင်း ပျူစောထီး အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်၊ အောင်ချမ်းသာကျေးရွာတွင် နေထိုင်သော လက်နက်ကိုင် စစ်မှုထမ်းဟောင်း ပျူစောထီး အဖွဲ့ဝင် ကျော်လွင်ကို လောင်းလုံးမြို့နယ် ပကဖ အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်မှုထမ်းဟောင်း ကျော်လွင်သည် အကြမ်းဖက် စစ်တပ် ခမရ ၄၀၂ တပ်ရင်းမှ ခလရ ၂၅ တပ်ရင်းသို့ ကူးပြောင်းခဲ့ပြီး ခလရ ၁၀၄ တပ်သို့ ထပ်မံ ပြောင်းရွေ့ခဲ့ပြီးနောက် စစ်တပ်မှ အနားယူခဲ့သူ ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ပျူစောထီးကပ္ပလီ(ခ)ဝင်းဇော်ဦးနှင့် ပူးပေါင်းကာ စစ်ကြောင်းများထိုးရာကို လမ်းပြပါဝင်သူဖြစ်ကြောင်း၊ ညဘက်များတွင် မောင်းမကန်ရဲစခန်း၌ ညအိပ်လေ့ရှိသူ ဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ထုတ်ပြန်ထားသည်။
