ရွှေဘို၊ ဝက်လက်နှင့် ခင်ဦးတွင် စစ်ကားများကို PDF တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို BLACK WOLF – ARMY တပ်ဖွဲ့က ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီး ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား အများအပြား ထိခိုက်သေဆုံးမှု ရှိပြီး အရေအတွက် အတည်မပြုနိုင်သေးဘဲ ရွှေဘို ဆေးရုံတွင် သေဆုံးစစ်သား ရုပ်အလောင်းများ ရောက်ရှိနေကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စိုင်နိုင်ကွေ့ ခွေးခြံမှ ရွှေဘိုဘက်သို့ ထွက်ခွာလာသော ၁၂ ဘီးကား ၁ စီးကို ရွှေဘို-မန္တလေး လမ်းပိုင်းရှိ စိုင်နိုင်ကြီး-စိုင်နိုင်လေး အကြားတွင် ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှဗိုလ်နေမင်းနှင့် ဗိုလ်ရေးဝေးဦးဆောင်သောတပ်စုနှင့် ဒေသခံ ပကဖများမှ ပူးပေါင်းကာ ပဒေသာမိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ပြီး ၁၂ ဘီးကား ထိမှန်ကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၇ မိနစ်တွင် ဝက်လက်မြို့နယ် လှတောရွာမှ ရွှေဘိုသို့ထွက်ခွာလာသော စစ်ကား ၁ စီးနှင့် သံချပ်ကာ ကား ၁ စီးကို ရွှေဘို – မန္တလေး လမ်းမပိုင်းရှိ မိုးကောင်းကင်ဓာတ်ဆီဆိုင် အနီးတွင် ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ
ဗိုလ်ရေဝေး ဦးဆောင်သောတပ်စိတ်နှင့် နဂါးမင်း ပျောက်ကြားတပ်ဖွဲ့ ၊ ဗိုလ်တိုက်ဂါး ပျောက်ကြားတပ်ဖွဲ့တို့မှ
ရှေ့ထွက် ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာကို စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သိဒ္ဓိရှင် တိုက်နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်မှ အကြမ်းဖက် စစ်တပ် ထောက်ပို့ကား ၁ စီးကို ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ ကြို့ကန်ရွာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နံနက် ၇ နာရီ ၄၅ မိနစ်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၂၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပကဖ အဖွဲ့၊ တောင်ပိုင်းငှက်ကြီးတောင်အဖွဲ့၊ နဂါးညီနောင် တပ်ဖွဲ့ နှင့်မော်ကွန်းညီနောင်အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
Photo – ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီး စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။