နတ်တလင်း၊ ပေါက်ခေါင်းနှင့် မြင်းမူတို့တွင် စစ်ကား၊ ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ပဲခူးတိုင်း၊ နတ်တလင်းမြို့တွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Phonex –D-F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် နတ်တလင်းမြို့မှ အရှေ့ဘက် မကျည်းပင်ရွာ ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကားနှစ်စီးကို လယ်မအင်းကျေးရွာနှင့် မကျည်းပင်ကျေးရွာ ကြားတွင် မိုင်းနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ရဲ့အနီးကို ကျနော်တို့ စတင်ပြီး ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ခြင်းပါ၊ မကျည်း ပင်ရွာက ဆည်အစပ်ရွာ ဆိုတော့ စစ်ကြောင်းထိုးနေတဲ့ တပ်တွေအတွက် ရိက္ခာ လာပို့တာဖြစ်နိုင်တယ်၊ တောင်ညိုဆည်ဘက်ခြမ်း မှာ စစ်ကြောင်းထိုးနေတာအဲဒီအတွက်ရိက္ခာလာပို့တာဖြစ်နိုင်တယ်၊ အဲဒီမကျည်းပင်ရွာကို လက် နက်နဲ့ လူအင်အား ရိက္ခာလာပို့တာဖြစ်နိုင်တယ်” ဟု နတ်တလင်းပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (Phonex –D-F) ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုတိုက်ခိုက်မှုကြောင့် ကား ၂ စီး ထိခိုက်မှုရှိခဲ့သည်ဟု ကနဦးသတင်းရရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း၊ ထိုသို့တိုက်ခိုက်နေချိန် ပြည်သူများက ဆိုင်ကယ် များစီးနင်းလာသည့်အတွက် ရည်မှန်းချက်အတိုင်းအတာထိရောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်သက်ဆိုင်သော အရာများ၊ စစ်ကား များ၊ စစ်တပ်အဖွဲ့ဝင်များနှင့် နီးကပ်စွာနေထိုင်ခြင်း၊ ဆက်ဆံခြင်း၊ သွားလာခြင်းများ လုံးဝမပြု လုပ်ကြရန် နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Phonex –D-F) တပ်ဖွဲ့က အသိပေးထုတ်ပြန်ထား သည်။
အလားတူ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် ပေါက်ခေါင်းမြို့အတွင်း လိုက်လံ စစ်ဆေးနေသော စစ်သားများကို မြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့)မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာ ရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့ပေါ်ရှိ မြင်းမူရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမများဖြင့် ပစ်ခတ် တိုက်ခဲ့ပြီး မြင်းမူရဲစခန်းအတွင်းသို့ ကျရောက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြု နိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ Lodestar Defense Force ၊PAFD ၊ DKPDF ၊ TTTAPDF ၊ D.B.B.F စသော မဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။