ရန်ကုန်၊ ဇန်နဝါရီ ၁၇
ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၂ တောင်ငူခရိုင်အတွင်း ယမန်နေ့ညနှင့် ယနေ့နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း တပ်မဟာ ၂ သတင်းရင်းမြစ် Taw Oo Karen News ထံမှ သိရှိရသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နှင့် ခလယ်လာ (ဘောဂလိမြို့) ကြား သစ်စေးတောင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သားများသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘောဂလိလမ်းမကြီး အနီးဝိုက် လမ်းကြိုလမ်းကြားများတွင် ကင်းပုန်းဝပ် လုံခြုံရေးချထားကြောင်း သတင်းရရှိသည်။
အလားတူ ယမန်နေ့ ည ၁၀ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီ၏ ခလရ ၈၄ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ် ၄ စီးဖြင့် ကင်းလှည့်နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဆိုင်ကယ် ၂ စီးပျက်စီးသွားကာ စစ်သား ၃ ဦးသေဆုံး ၂ ဦး ဒဏ်ရာရကြောင်း အဆိုပါ တိုက်ခိုက်မှု ၂ ခုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၈၄ တပ်ဖွဲ့သည် ဒေသတွင်းရှိ ထန်းတပင်၊ တပြေး၊ ရေရှားရွာ၊ ဘိုမကြီးရွာ၊ ရှားစေးဘိုရွာနှင့် ကစယ်ဒို စသည့်ဒေသများတွင် အင်အားအများအပြား ဖြည့်တင်းပြီး လှုပ်ရှားနေကြောင်း ဒေသသတင်းရင်းမြစ် Taw Oo Karen News က ရေးသားဖော်ပြသည်။
ဓါတ်ပုံ – ကရင်ပြည်နယ်တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ
Photo – AFP