29.6 C
Yangon

မင်းအောင်လှိုင် အမိန့်အရ စစ်တပ်များတွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များကို မုန်းတီးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်NLD မုန်းတီးရေး ဟောပြောမှုများကို စတင်၊ သန်လျင်တပ်နယ်တွင် ဒုဗိုလ်မှူးကြီးရဲထွဋ်ဝေ ဟောပြော

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်အရ စစ်တပ်များတွင် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များကို မုန်းတီးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ပါတီကို မုန်းတီးရေး ဟောပြောမှုများကို စတင်လုပ် ဆောင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ ရန်ကုန်တိုင်းသန်လျင်တပ်နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝေက KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များကို မုန်းတီးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ပါတီကို မုန်းတီးရေး ဟောပြော ချက်များကို စစ်သားများကို ပို့ချခဲ့ပြီး ယင်းပို့ချမှု အသံဖိုင်အားလုံးကိုလည်း ရန်ကုန် ခေတ်သစ်က ရရှိထားပြီဖြစ်သည်။ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝေ၏ ဟောပြောချက်တွင် KNU သည် ဒေါ်လာ သန်းချီရနေ၍ စစ်တပ်ကို ပြန်တိုက် နေခြင်းဖြစ်ကြောင်း၊ တောတွင်းမှ PDF များ ဇတ် နာအောင်ဖန်တီးပြီး အလှူခံနေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကြောင့် တိုင်းပြည်ပြိုကွဲမည့်အရေးကို စစ်တပ်က အနစ်နာခံ၍ ကယ်တင်ရကြောင်း၊ ခေတ်သစ်၊ Mizzima ၊ DVB ၊ Myanmar Now ၊ ဧရာ၀တီ အပါ အဝင် သတင်း မီဒီယာများသည် သတင်းများကို ပုံဖျက်နေ၍ ဟန်ငြိမ်းဦး၊ ကျော်စွာတို့ကဲ့သို့ သတင်းမှန်တင်ပေးနေသည့် Telegram ကိုသာ ဝင်ကြည့်စေလိုကြောင်း ဟောပြောသွားသည်။ ထူးခြားမှုမှာ မဲစာရင်းနှင့်မဲမသမာမှုကြောင့် အာဏာသိမ်းသည်ဆိုသော စစ် တပ်၏ သုံးနေသည့် စကားလုံးကို ဦးစားပေး သုံးစွဲခြင်းမရှိတော့ဘဲ နိုင်ငံပြိုကွဲမည်ကို စိုးရိမ်၍ အာဏာသိမ်းသည်ဟု ပြောဆိုလာခြင်းက ထူးခြားနေသည်ကို တွေ့ရှိရသည်။သန်လျင်တပ်နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ဟောပြောခဲ့သော ဒုတိယဗိုလ် မှူးကြီးရဲထွဋ်ဝေ၏ ဟောပြော ချက်တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။ဒုတိယ

ဗိုလ်မှူးကြီးရဲထွဋ်ဝေ၏ လိမ်လည် ဟောပြောချက်တချို့

========================================

“PDF တွေဘေးမှာ ထမင်းပန်းကန် ဇလုံကြီးနဲ့ ထည့်ထားတာ ခွက်တွေနဲ့ ဇလုံတွေနဲ့ အလုံး ၂၀ လောက်ရှိတယ် တွေ့လား (ဟုတ်) ။ (PDFများ ဖက်များဖြင့် ထမင်းစားနေသည့်ပုံကို ပရိုဂျက်တာတွင်ပြသထား) ဇာတ်နာအောင် လုပ်တာ။ တကယ် သိဖို့လိုတယ်။ တကယ်တန်း ဖြစ်နေတာတွေက လိုင်းပေါ်တက်လာတာတွေက တလွဲတွေချည်းဆိုတာ ဇာတ်နာအောင် လုပ်တာ ။ အခုဖြစ်စဉ်တွေ အားလုံးဟာ တို့ ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ တစ်ပုံစံ အတိုင်းပဲ။ လုပ်ခဲ့တယ် သတ်ခဲ့တယ် ဒလန်စွပ်စွဲတယ်…ကြွမသွားအောင် သတင်းပေးတွေ ထွက်မလာအောင် ….. တိုက်တယ်။ တိုက်ပွဲဖြစ်ရင် ကိုယ့်လူတွေ ဘယ်တော့မှ ကျတယ် မပြောဘူး တစ်ဖက်လူကတော့ တစ်ဖက် အဖွဲ့အစည်းကတော့ ဘယ်လောက် ကျသွားတယ် လျှောက်ပြောတယ်။ တစ်နိုင်ငံလုံး …ကရင်မှာဆိုရင် …,,,အခုနောက်ဆုံး ဖြစ်တဲ့ဟာတွေကို ကြည့်လိုက် ဖြစ်တဲ့ဟာတွေကို ကြည့်လိုက် လေးကော့ကော်တို့ …… တို့ ကြားဖူးတယ်မလား။ အဲ့နားမှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဒီဘက်ကနေပြီး ပြေးသွားတဲ့ လူတွေ သင်တန်းတွေပေးနေတယ်။ လက်နက်တွေ အဲဒီဘက်နေ မှောင်ခို လက်နက်ဝယ်ပေးတယ်၊ မိုင်းခွဲနည်း ၊ မိုင်းထောင်နည်း၊ မိုင်းလုပ်နည်း အကုန်သင်ပေးလိုက်တယ်။ လေးကော့ကော်တို့ …… တို့ ။ အဲဒီနားတွေ ၊ မင်းမော်ကွန်းတို့ ဘာတို့ အဲဒီနားတွေမှာ ရှိတယ်။ တိုက်ပွဲ မဖြစ်ခင်တုန်းက ။ ရုပ်ရှင်မင်းသမီး မင်းသားတွေ ကိုပေါက်တို့ ဘာတို့ အဲ့နားမှာ ရှိတယ်။ အဲ့မှာ PDF လည်း ရှိတယ် KNU လည်း ရှိတယ်။ တပ်လည်း ရှိတယ် ။ အဲဒီမှာ ဝင်စစ်တဲ့အချိန်မှာ … မင်းမော်ကွန်း သူ့ရဲ့ အင်တာဗျူးတွေထဲမှာ ထွက်လာတာလေ။ စစ်တပ်က လာပစ်တဲ့အချိန်မှာ ပထမ ရှောင်နေရတယ်။ စစ်တပ် မလာတဲ့အချိန်မှာ ဟိုကောင်တွေက တမင်သက်သက် သူ့ကို နှိပ်ကွပ်တဲ့ ပုံစံမျိုးနဲ့ သွားပြီးတော့ ပုန်းခိုင်းတယ်။ ကျူတောထဲမှာ နှစ်ရက်၊ သုံးရက်လောက်။ မခံစားနိုင်တော့ဘူး သူတို့။ အဲဒီမှာ အဖွဲ့အစည်းမျိုးစုံရှိတယ်။ အဲဒီမှာ အကုန်လုံးကို ဖမ်းခဲ့ပြီး ထွက်သွားကြတယ်။ အဲဒီမှာ ဒုက္ခ သည်စခန်းအဖြစ်နဲ့ နေတယ်။ ပြီးရင် အလှူခံတယ်။ အလှူခံလို့ ရတဲ့ဟာကို ဒီဘက်ကို ပေးတယ်။ သေနတ်တွေ ဝယ်တယ်။ ဖြစ်တာတွေ အားလုံးက ကရင်ပြည်နယ်မှာ ဖြစ်တာတွေ အားလုံးက အဲဒီ ဒုက္ခသုက္ခတွေ။ကရင်တွေက ငါတို့ကို NCA လက်မှတ်ထိုးထားပြီးသားပဲ။ သူတို့ရဲ့ ငွေကြေးစီးဆင်းမှု ရပေါက် ရလမ်းတွေ ဘာမှ မရှိတော့ဘူး ပိတ်နေပြီ။ ဒါပေမဲ့ ဟိုဘက်က ထိုင်းနဲ့လည်း နီးတယ် နယ်စပ်လည်း ဖြစ်နေတဲ့ အခါ ကျတော့ အဲဒီမှာ ခြေကုတ်က သွားယူတယ်။ အဲဒီမှာ ခြေကုတ်ယူပြီးတော့ အဲဒီစခန်းတွေ ဆောက်တယ်။ သင်တန်းတွေ ပေးတယ်။ လက်နက်တွေ တိုက်တာတွေ ဆင်တယ်။ … KNU တွေ ချိတ်ဆက်တယ်။ KNU ကပဲ ဒီကာလမှာ နိုင်ငံ‌ရေးက ပရုတ်ပယက်ဖြစ်နေတဲ့အခါကျတော့ ဟိုလိုလို ဒီလိုလို ဖြစ်နေတာပေါ့။ စစ်တပ်လိုလို ဒီဘက်က NUG လိုလို နိုင်ငံတကာရဲ့ ဖိအားတွေက ရှိနေတဲ့အခါကျတော့ လုပ်သလို မလုပ်သလိုနဲ့ နောက်ကွယ်က အကူအညီပေးတယ်။ အဲဒီလို အကူအညီပေးတဲ့ အတွက်လည်း သူတို့က မြိုးမြိုးမြက်မြက်ရတာကိုး။ ဒေါ်လာတွေ သန်းပေါင်းများစွာ ရထားတယ်။ ဒေါ်လာ ၁၀ သန်း တို့ ဘာတို့ KNU က ရထားတယ်။ ဟိုဘက်ကနေပြီးတော့ ပေးလိုက်တာ ။ တချို့ကလည်း တိုက်ပွဲတွေ ဖန်တီးရတယ်။ ဖန်တီးတော့မှ ဒုက္ခသည် ဖြစ်လာမယ်။ ဒုက္ခသည်ဖြစ်လာမှ ဒုက္ခသည်ကို ပြပြီးတော့ ကျန်တဲ့ ငွေဘဏ္ဏာတွေ ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ နိုင်ငံတကာကို အလှူခံလို့ရအောင်။ အလှူခံလို့ရမှ ဒီဘက်မှာ တိုက်ပွဲတွေ ပေါ်ပေါက်လာအောင်။ တကယ်တမ်း ပြဿနာက နိုင်ငံရေး အုံကြွပြီး ဖြစ်တာ မဟုတ်ဘူး။ ခုနပြောတဲ့ ဇာတ်ကွက်တွေ ရှိတယ်။ ဇာတ်ကွက်တွေ ရှိတော့ ဒါမျိုးတွေ ဖြစ်လာတယ်။ ဒါတွေ သိဖို့ပဲ။တချို့ဟာတွေက အုံကြွပြီး ပေါက်ကွဲလာတာ။ တချို့ဟာတွေက ဖန်တီးလို့ ဖြစ်တာ ။ ဒီဘက် ရခိုင်ဘက်မှာဆိုရင်လည်း ထိုနည်းလည်းကောင်းပဲ။ ရခိုင်နဲ့ ဖြစ်တယ်။ အာဆာနဲ့ ဖြစ်တယ်ဆိုတာ အကြောင်းရင်းတွေ အများကြီး ရှိတယ်။ တို့ နည်းနည်းလေး စကားဆက်ပြောရရင် မြန်မာနိုင်ငံမှာ ငါတို့ ကိုကိုကျွန်းကို တောင်းဖို့ ကြိုးစားတာ အကြိမ်ကြိမ်ပဲ မပေးဘူး။ နောက်ဆုံး ကြားဖူးလား မသိဘူး ကုလား ကုတ်ကျွန်း အထိ ရောက်လာသေးတယ်။ အချိန်မီ ပြန်ထိန်းသိမ်းနိုင်လို့ ။ မဟုတ်ရင် အဲဒီမှာ အခြေချမှာ ။ အဲဒီမှာ မရတော့ နောက်ဆုံး အဲဒီဘက်ကို ရောက်သွားတယ်။ အဲဒီတော့ တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ဒီဘက်က ဂျပန်တို့ ၊ ဩစီတို့ ဘာတို့ ညာတို့ ဖိလစ်ပိုင်တို့ ဗီယက်နမ်တို့ ….အနောက်တံခါး၊ အနောက်ဘက်ခြမ်း… ကိုးကိုးကျွန်းကိုသာ … အချက်အချာကျတဲ့ နေရာ ။ အဲဒီတော့ တောင်းတိုင်းမပေးဘူး။ …… အရေးပါလို့ မပေးဘူး။ အဲဒါကြောင့်မို့ ဒီကောင်တွေ နောက်ကွယ်ကနေ ခလောက်ဆန်နေတာ။ အဲဒီတော့ သူတို့ ကြိုးဆွဲလို့ရမယ့် ဟာ ၊ သူတို့နဲ့ ပနံသင့်မယ့်ဟာ ၊ အဲဒီလိုလူမျိုးကို သူတို့က ခေါင်း ဆောင်ခန့်ချင်တာ။ အဲဒီအဖွဲ့တွေနဲ့ သူတို့က ပတ်သက်ချင်နေတာ။ အဲဒီတော့ အဲဒီလို အဖွဲ့အစည်းနဲ့ မရရအောင် တွန်းတင်မယ့် ပုံစံမျိုးနဲ့ နောက်ကနေပြီးတော့ ပေါ်ပေါက်အောင် Under table ပေါ့ ဝင်ပြီးတော့ လုပ်နေတာ။ အဲဒါကြောင့်မို့ ကျွန်တော်တို့က အလူးအလဲခံနေရတာ။အဲဒီလိုပဲ တစ်ဖက်မှာလည်း အမေရိကန်ဘက်ကို နည်းနည်းလေး ညိမ်းသလို ဘာသလို ဖြစ်လာပြီဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တက်လာတဲ့အချိန်မှာ ဒီဘက်က ထလာတယ်။ တရုတ်ပြည်က ။ နယ်စပ်မှာ ရှိတဲ့ … MNDAA တို့ KIO တို့, KIA တို့ , ဝတို့ သူထောက်ပံ့ပေးထားတာ အကုန်လုံးကို လှန်လိုက်တယ်။ တစ်ချက်ကလေးနော် ခဏလေးပဲ။ ဟိုဘက်နဲ့ အဆင်ပြေနေတဲ့အချိန်။ မှတ်မိလား မသိဘူး ။ အိုဘားမားကြီးလာတဲ့အချိန်မှာ ။ အဲဒီမှာ စဖြစ်တာ နယ်စပ်မှာ။ အို မထိန်းနိုင် မသိမ်းနိုင် ပိုးစိုးပက်စက်။ အဲမှာတော့ တိုက်ပွဲကျတာ တကယ်ကျတာ။ ပိုးစိုးပက်စက်။ ဘာလဲဆိုတော့ ဒီဘက် တရုတ်ကြီးက ဟိုဘက်ကို နည်းနည်းလေး တိမ်းသလိုဖြစ်တဲ့အခါမှာ ဒီဘက်က သမတာ ။ဟိုဘက်ကလည်း တရုတ်ကြီးကို ထိန်းဖို့လုပ်တာ။ တရုတ်ကြီးကလည်း နှစ်နဲ့အမျှ တိုးတက်လာတာ။ ဒီကောင့်ကို ထိန်းဖို့ ဟိုဘက်ခြမ်းက တော်တော်များများက ဝင်သွားပြီ။ ထိန်းသိမ်းပြီးသွားပြီ။ ဒီတစ်ပေါက်ပဲ ကျန်တယ်။ လိုချင်တယ် တစ်နေရာရာ လိုချင်တယ်။ အခြေချဖို့။ မရတော့ ခုနလို ခလောက်ဆန်တယ်။ နိုင်ငံတိုင်းမှာ တော်တော်များများက မြေပေါ်အဖွဲ့အစည်းရှိတယ်။ မြေအောက်အဖွဲ့အစည်းရှိတယ်။ CIA တို့ဘာတို့ဆိုရင် တစ်ကမ္ဘာလုံးမှာ ရှိတယ်။ စီးပွားရေးသမားတွေ လုပ်ငန်းကြီးတွေ ရှိတယ်။။ ရှင်းရှင်းပြောရရင် တိုင်းပြည်တစ်ပြည်တောင် ထူထောင်လို့ရတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှု အဖွဲ့အစည်းတွေက ။ အဲဒီလို အဖွဲ့အစည်းတွေက …..CIA အောက်မှာပဲ ရှိတယ်။ အဲဒီလိုပေါ့။ မြေအောက်ကနေပြီး တစ်ဖက်နဲ့ တစ်ဖက် လှုပ်မရအောင် လည်ပင်းညှစ်ထားတယ်။ …မင်း ငါခိုင်းတာလုပ် …. တစ်ဖက်… ညှပ်နေတယ်။ အဲဒီတော့ PDF အဖွဲ့တွေ ခုနပြောတဲ့ အာဆာတို့ KNU တို့ ဖြစ်လာတယ်ဆိုတာလည်း ထိုနည်းလည်းကောင်းပဲ။ ဒါတွေဟာ ကိုယ့်နိုင်ငံထဲမှာ မကျေနပ်လို့ တိုင်းရင်းသားတွေ မကျေနပ်လို့ ပေါက်ဖွားလာတဲ့ Case တွေ မဟုတ်ဘူး။ သူများတွေကြောင့် ငါတို့ခံစားနေရတဲ့ အကျိုးဆက်။ အခု ဖြစ်စဉ်တွေကလည်း ထိုနည်းလည်းကောင်းပဲ။ ငါတို့ ဖြစ်တာက နည်းနည်း သူများတွေ မြှောက်ပေးလို့ သူများ က ခိုင်းလို့ က နေတာက များတယ်။ ဒါတွေကို ငါတို့ သိဖို့ လိုတယ်။ အဲဒီတော့ အကောင်းဆုံးကတော့ ဘယ်ဘက်မှ မပါနဲ့။ကိုယ့်လမ်းကိုယ်လျှောက်။ ကိုယ်လျှောက်ရမယ့် လမ်းကို ဖြောင့်ဖြောင့်သွား။ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်တာဝန်ကျေအောင် လုပ်။ ကိုယ့် ဝမ်းစာကို ကိုယ် ပြည့်အောင် ဖြည့်။ ဟုတ်ပြီလား ။ ဆိုဆိုရင် ငါတို့ တာဝန် ကျေပြီ။ ဒါလေး ပြောချင်တယ်။ ဒီမှာဆိုလည်းကြည့်၊ ဟိုဘက်က ပေ့တွေက ပုံတွေ ယူပြီး ဒီဘက်မှာ ပေါင်းရိုက်တယ် ။ မျိုးစုံ သတင်းနဲ့ပတ်သက်ပြီး။ ဒီမှာလည်း အတူတူပဲ သူတို့လုပ်နေတဲ့ဟာတွေကို ကိုယ့်ဘက်က လုပ်တယ်ဆိုပြီး အပုပ်ချတယ်။ အဲဒီတော့ ပြောချင်တာက အဘက်ဘက်ကနေပြီးတော့ စစ်တပ်ကို ထောင့်ကျိုးအောင်လို့ ထောင့်ကျိုးအောင်။ မြန်မာနိုင်ငံမှာက ဒီကောင်တွေ ဖယ်ထုတ်လို့ မရတာက စစ်တပ်တစ်ခုပဲ ရှိတယ်။ စစ်တပ်တစ်ခုပဲ ရှိတယ်။ စစ်တပ်ပြိုလဲသွားရင်တော့ ကြိုက်သလို ဖန်တီးလို့ရပြီ။ စစ်တပ်က ကြားထဲမှာ ကန့်လန့် ကန့်လန့် ဖြစ်နေတယ်။ ကန့်လန့်ကန့်လန့် ဖြစ်နေလို့ နည်းနည်းလေး သက်သာတယ်။ အဲဒီလိုမှ မဟုတ်ရင် တရုတ်ကြီးကလည်း တရုတ်ကြီးပုံစံ ဖန်တီးမှာ။ အမေရိကန်ကလည်း အမေရိကန်ပုံစံဖန်တီးမှာပဲ။ အဲဒီတော့ ဖက်စပ်တွေ ဖြစ်မယ်၊ ကပြားတွေ ဖြစ်မယ်။ ….. စစ်တပ်ကန့်လန့်ခံနေလို့ ။ …… မှန်တယ်လို့ မပြောဘူးနော် ကောင်းတယ်လို့ မပြောဘူးနော်။ ဒါပေမဲ့ ….. စစ်တပ်ခံနေလို့သာ ဒီလောက် ခံသာတာ။ အခုဆို ကြည့်ပါလား NLD လက်အောက်မှာ ဧည့်စာရင်းစစ်တဲ့ ဥပဒေ ဖျက်ပစ်တယ်။ နယ်စပ်ဂိတ်တွေ ဖျက်ပစ်တယ်။ အရင်တုန်းက သူပုန်ဆိုတာ မြို့ပေါ်မှာ ရှိလို့လား ၊ ကြားဖူးလို့လား။ အခု သူပုန်က မြို့ပေါ်မှာ အခြေချပြီးတော့ လှုပ်ရှားနေတယ်။ ဒါတွေက အကျိုးဆက်တွေ ။ လုံခြုံရေးကျိုးပေါက်တာ။ သူတို့မှာလည်း အဲဒီလိုမျိုးလုပ်လို့ စားဝတ်နေရေးအတွက် ငါဘာလိုချင်တယ် ဘာလုပ်ပေး ၊ မင်းတို့လိုချင်တဲ့ ပိုက်ဆံပေးမယ်၊ ဘယ်နှဘီလီယံလိုချင်လဲ ချပေးမယ်။ OIC တို့ ဘာတို့ ။ ငါတို့ လူကို ဘယ်နေရာကို ထည့်ပေး၊ ဘယ်အဖွဲ့အစည်းထဲကို ထည့်ပေး၊ ဘယ်သူ့တော့ ဘယ်ဝန်ကြီးဌာနတော့ ခန့်။ဒီဘက်မှာလည်း အပြိုင်အဆိုင်လုပ်နေရတာ ။ ဟုတ်ကဲ့ပါ လုပ်ပေးပါ့မယ် ။ အာမဘန္တေခံပြီးတော့ …. တွေ ယူလာ။ ယူလာပြီးတော့ လုပ်ပေးရပြီပေါ့။ လုပ်ပေးရတော့ အခု အဲဒီလိုမျိုးတွေ ဖြစ်လာတယ်။ သဘောပေါက်လား အဲတော့ ပြောချင်တာက ဒါ လုံခြုံရေးပိုင်း။….. စစ်တပ်က ခုလိုမျိုး အာဏာသိမ်းရတဲ့ ကိစ္စမှာ လုံခြုံရေး အရမ်းကျိုးပေါက်နေပြီ။ အရမ်းကျိုးပေါက်နေပြီဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သွားတယ်။ ဒီမဲစနစ်ဆိုလည်း ဒီလိုပဲ။ အမှားအယွင်းတွေ ဖြစ်တယ်၊ ဖြေရှင်းပေးပါ။ အာဏာကို ပေးပါလို့ မပြောဘူး တိုင်းပြည်ကို ပေးပါလို့ မပြောဘူး။ ဖြေရှင်းပေးပါ ပြောတယ် ။ မရဘူး။ နောက်ဆုံး ….. အခြေအနေ ရောက်သွားတယ်။ အဲဒီအခြေအနေမှာ မလွှဲမရှောင်သာ ယူလိုက်ရတယ်။ အဲတော့ စစ်တပ်ဆိုတာက ငပွကြီးပဲ ဖြစ်မှာ။ အမြဲတမ်း ငပွကြီးပဲ ဖြစ်မှာ ။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်ထားတဲ့ ကာကွယ်ရေးသမားတွေ ၊ ကာကွယ်ရေးသမားတွေ ဖြစ်နေလို့။ နောက်ဆုံးအကြိမ် ဖြစ်နေတဲ့အတွက် မလွှဲမရှောင်သာ လုပ်ရတယ်။ NLD အစိုးရတက်တယ် ထိုနည်းလည်းကောင်းပဲ ။စစ်တပ်တက်လာလို့ ဒီအလုပ်လုပ်ရတယ်။ အရင် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလည်း ဗျင်းရတာပဲ။ ကြုံခဲ့ရတယ်။ ဗျင်းရတာပဲ။ ဘာဖြစ်လို့လဲ ငါတို့ အလုပ် ဒါပဲလေ။ စစ်ဆင်ရေး လုံခြုံရေး ဒါပဲ လုပ်ရတာ။ အဲဒီတော့ ဘယ်အစိုးရ တက်တက် ငပွကြီးပဲ ဖြစ်လာတာပဲ။ ပင်မတာဝန်ကိုက ငါတို့က ဒီအလုပ်ဖြစ်နေတာပဲ။ ဒီဟာကလည်း ကိုယ့်ဟာကို အချိန်တန်ရင်တော့ နောက်အစိုးရ ဖြစ်လာမှာပဲ။ ဒီပြဿနာမျိုးတွေသည် အမြဲတမ်း ဖြစ်နေမှာပဲ။ လာလိမ့်မယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့သွား။ မဲစနစ်နဲ့သွား။ ငါးနှစ်တစ်ကြိမ်မှာ ကျွန်တော်တို့ ရွေးကောက်ပွဲ လုပ်၊ မကျေနပ်တာပဲ ဖြစ်။ ဟိုခေါင်းဆောင်က ပြောတာ တစ်မျိုး ၊ ဒီခေါင်းဆောင်က ပြောတာ တစ်မျိုး။ သူက မှန်တယ် သူ့ဘက်ပါမှာ တစ်ဖွဲ့။ ဒီဘက်က မှန်တယ် ဒီဘက်ပါသွားပြန်ပြီ တစ်ဖွဲ့။ အဲဒီမှာ ချကြ။အခုလည်း ဒီလိုပဲ NLD ကို ထောက်ခံတဲ့ လူတွေ ၊ သဘောကျတဲ့လူတွေက စစ်တပ်နဲ့ထိပ်တိုက်က တွေ့တယ်။ ဒီဘက်မှာ ရှိတဲ့ ကြံ့ခိုင်ရေးအဖွဲ့တွေ တပ်က အဖွဲ့တွေနဲ့ တွေ့ကြတာပဲ။ ဒါ နိုင်ငံ‌ရေး ပဋိပက္ခ ။ ဒီလိုပဲ ငါးနှစ် ၊ ငါးနှစ် ငါးနှစ် ပါပဲ။ အဆင်မပြေဘူး။ အခုလိုမျိုး မဲသမာမှုတွေ ဖြစ်မယ်။ လာဘ်ပေး လာဘ်ယူကိစ္စတွေနဲ့ ပေါ်လာမယ်။ ဒါမှမဟုတ် ကွက်ကျော်ဖြစ်မယ် ။ မဲစနစ်နဲ့ သွားမယ်။ အနိုင်ရဖို့အတွက်။ အဲလိုမျိုး ဖြစ်လာပြီ အဲလိုမျိုး ချကြပြီ လက်နက်ကိုင်ပြီး ချကြမယ်ဆို ဒီလိုမျိုးတွေ ဖြေရှင်းလာပြီ အဲဒီအချိန်ကျ သူတို့ ဘယ်သူ့ဘက်ပါမလဲ ။ နောက် ငါးနှစ် နောက် ငါးနှစ် ဒီလိုပဲ သွားမှာ။ အခုဆိုလည်း ကြည့်ပါလား ရွေးကောက်ပွဲ ကာလတွေ ဆိုရင် ဒီအချက်တွေနဲ့ … ထိုင်းမှာ ဖြစ်နေတာပဲ။ အိန္ဒိယမှာလည်း ဒီလိုပဲ ဖြစ်နေတာပဲ။ … မှာလည်းဖြစ်နေတာပဲ။ … အကျိုးဆက်တွေပေါ့ ဒီလိုမျိုးတွေ ရှိတယ်။ အဲ့တော့ ဖြစ်တာက ခေတ်အဆက်ဆက်မှာတော့ ရှိနေဦးမှာပဲ။ အဲတော့ နားမယောင်ဖို့လိုတယ်။ ကိုယ့်လမ်းကို ဖြောင့်ဖြောင့်သွား။ ကိုယ့်အလုပ်ကို မှန်မှန်ကန်ကုန်လုပ်။ ကိုယ်လုပ်စရာရှိတာ လုပ်။ ကိုယ့်ဝမ်းစာဖြည့်စရာရှိတာ ဖြည့်။ ကိုယ့်စိတ်ကို မယိမ်းမယိုင်နဲ့။ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်သွား ။ တွေ့သမျှ ၊ မြင်သမျှ၊ သိသမျှနဲ့ အကုန်သာ ကြည့်ပြီးတော့ နားမယောင်နဲ့။ ဆုံးဖြတ်ချက်တွေ မမှားစေနဲ့။ အားလုံးကြားလား။ ငါတို့က အခုလိုမျိုး ခန်းမထဲ ထည့်ပြီးတော့ အချိန်တိုင်း နေ့တိုင်း ပြောနိုင်မှ ပြောနိုင်မယ်။ အဲဒီတော့ အင်တာနက်မှာ မင်းတို့ အမြဲတမ်းကြည့်နေတယ်။ မင်းတို့ အားတဲ့ အချိန် ဖုန်းပွတ်နေတယ်။ တက်လာတဲ့ သတင်းတွေ အခုလိုပဲ ဒီသတင်းက မှန်လား မှားလား ကိုယ့်ဘာကိုယ် ဆုံးဖြတ်။ ကိုယ့်ဘာကိုယ် ဆုံးဖြတ်မှ ရမယ်။ အပြင်မှာ ပုံစံအမျိုးမျိုး စတိုင်အမျိုးမျိုးနဲ့ ဖြစ်နေတဲ့ဟာကို လိုက်ပြီးတော့ သံယောင်လိုက်ပြီး လိုက်ကနေလို့ … ဘီလူးဆိုင်းနဲ့ လာရင် ဘီလူး က မှာလား။ မင်းသားဆိုင်းနဲ့ လာရင် မင်းသား အက ကမှာလား ။ မင်းသမီးဆိုင်းနဲ့ လာရင်တော့ မင်းသမီး ကနဲ့ ကမှာလား။ အဲဒီတော့ မဆုံးနိုင်ဘူး ဖြစ်နေမယ်။ နောက်ဆုံးကျတော့ ဖတ်ဖတ်မောပြီး ကျန်ခဲ့မယ်။ သဘောပေါက်လား။ သတင်းတွေကို ဖတ် ရတယ်။ ဒါပေမဲ့ ကိုယ်တိုင် ဝင်ကဖို့တော့ မလုပ်ကြနဲ့။ ကိုယ်တိုင် ဝင် ကဖို့တော့ မစဉ်းစားနဲ့ ကိုယ့်ဘဝ ပျက်သွားမယ်။ လည်ထွက်သွားလိမ့်မယ်။ ရှင်းတယ်နော်။ ဒီမှာ ဒီကောင်တွေ နိုင်ငံရေးလုပ်တယ်ဆိုတာ မင်းတို့ကို မမီဘူး။ မင်းတို့က လက်တွေ့လုပ်တာ။ မင်းတို့က ထဲထဲဝင်ဝင်လုပ်နေတာ။ မင်းတို့က လက်တွေ့ပဲ။ မင်းတို့ ယူနီဖောင်းဝတ်ပြီးတော့ သွားချင်တဲ့နေရာ သွားစားလို့ရလား (မရပါဘူး) စားချင်တဲ့ နေရာသွားစားလို့ရလား (မရပါဘူး)။ စည်းနဲ့ ကမ်းနဲ့ စနစ်တကျနဲ့ တိုင်းပြည်တာဝန် မင်းတို့ ထမ်းဆောင်နေတာ။ ငါတို့ထက် လက်တွေ့ကျတာ မရှိတော့ဘူး။ ငါတို့ထက် တိုင်းပြည်ကို ချစ်တဲ့ ကောင်တွေဆိုတာ မရှိတော့ဘူး။ သူတို့က လေပေါ်မှာပဲ ရှိတယ်။ လေပေါ်မှာပဲ ရှိတယ်။ လေပေါ်မှာပဲ ချစ်နေတာ။ …. စစ်တိုက်နေတာ။ ငါတို့က တကယ်လုပ်နေတာ။ ငါတို့ထက် လက်တွေ့ကျတာ ဘာမှ မရှိတော့ဘူး။ အဲတော့ အပြင်ကဟာတွေ အာရုံမများနဲ့ ။ ငါတို့ထက် လက်တွေ့ကျတာ မရှိတော့ဘူးဆိုတာ မရှိတော့ဘူးဆိုတာ သဘောပေါက်။ အချိန်တန်ရင် ဒီဟာတွေက ကာလတစ်ခုအနေနဲ့ ကျန်ခဲ့မယ်။ သမိုင်းတစ်ခုအနေနဲ့ ကျန်ခဲ့မယ်။ နောက်ထပ်သမိုင်းအသစ်တစ်ခု ထပ်ထွက်လာရင် ဒီလိုမျိုးပုံစံမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းကြရမယ်။ ဖြစ်ဦးမှာပဲ ဖြစ်ဦးမှာပဲ ။ ဘာကြောင့်လဲ ဥပမာ မင်းတို့ ကိုဗစ်မဖြစ်ခင်က မသိဘူးလား ငါတို့ ။ (သိပါတယ်) ။ သူများနိုင်ငံတွေမှာ ဖြစ်နေကြပြီ။ ငါတို့နိုင်ငံ ကာကွယ်လား (မကာကွယ်ပါဘူး)။ ဘာတွေ ကြိုတင်ပြင်ဆင်လဲ (ဘာမှ မရှိပါဘူး)။ Second Wave ဘာတွေ ကြိုတင်ပြင်ဆင်လဲ (မပြင်ဆင်ပါဘူး)။ Third Wave ဘာတွေပြင်ဆင်လဲ (မသိပါဘူး) ။ ဒီတိုင်းပြည်မှာ ဒီတစ်ကြိမ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီလို ဖြစ်ခဲ့ပြီ။ နောက်တစ်ကြိမ် ရွေးကောက်ပွဲကို ငါတို့ ဘယ်လို ပြင်ဆင်ရမလဲ ဖြစ်လာမှပဲ ကြုံမယ်။ သဘောပေါက်လား။ အဲဒါတွေ သိဖို့လိုတယ်။ ကိုယ့်ဝမ်းစာ ကိုယ့်ဖြည့်။ တိုင်းပြည်အရေး ကမ္ဘာ့အရေး သိအောင် လုပ်။ ဟုတ်ပြီနော် ။ တွေ့သမျှသတင်း၊ ကြားသမျှအသံ အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့ ထဲထဲဝင်ဝင်လေ့လာ။ ဟုတ်ပြီလား။ အဲဒါပဲ ပြောချင်တယ်။ နောက်ပိုင်း နောက်ပိုင်းတွေမှာလည်း ဒီလိုပဲ ။ သင်တန်းပြင်ပ သင်တန်းမှာ သူကတော့ လမ်းမှားရောက်တော့မယ် မဖြစ်သင့်ဘူး ဒီလို ဒီလိုတွေ လုပ်နေပြီ ……. အချင်းချင်း သတိပေးပါ။ မရဘူးဆို တာဝန်ရှိတဲ့ လူတွေ သတိပေးပါ။ သတင်းပို့ပါ။ လမ်းမှားမရောက်အောင် ။ ဟုတ်ပြီလား ။ အဲဒါပဲ ပြောချင်တယ်။ ဘာမေးဖို့ရှိလဲ။ ဒုက္ခပေးတယ်လို့တော့ မထင်နဲ့။ မင်းတို့အခု အချိန်ပေးရသလို ငါလည်း အချိန်ပေးရတယ်။ မင်းတို့က ထိုင်ပြီး နားထောင်ရတယ်။ မင်းတို့ ပြောဖို့အတွက် ငါတို့ ပြင်ဆင်ရတယ်။ တာဝန်အရ မင်းတို့လည်း လာနားထောင်ရသလို ငါလည်း တာဝန်အရပြောရတယ်လို့ သဘောထား။ ဒါအကျိုးအမြတ်က ငါတို့ ဘာရသလဲ။ ငါတို့ မင်းတို့ သိသင့်တာတွေ မင်းတို့ ပြောပြခွင့်ရတယ် ။ မင်းတို့ကလည်း နားထောင်ခွင့်ရတဲ့အတွက် ဘာလုပ်ရမယ်ဆိုတာကို ခေါင်းထဲမှာတော့ Data အနေနဲ့ information တစ်ခုအနေနဲ့ ရမှာပဲ။ လုပ်သင့် မလုပ်သင့် .. ဆက်စပ်ပြီးတော့ ဆုံးဖြတ်ရမှာ လုပ်ကိုင်ရမှာ။ ကိုယ့်လမ်းကိုယ်လျှောက်ရမှာ ဖြစ်တဲ့အတွက် မင်းတို့ကို သတင်းအချက်အလက်အနေနဲ့ ငါက ချပြတယ်။ ငါတို့ လုပ်ပေးနိုင်တာ ဒါပဲ ရှိတယ်။ အားလုံး လမ်းဖြောင့်ဖြောင့်နဲ့ အောင်အောင်မြင်မြင်နဲ့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်နိုင်ပါစေ။

ဓာတ်ပုံ- သန်လျင်တပ်နယ်တွင်ပြုလုပ်သော တွေ့ဆုံပွဲတစ်ခု။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article