37 C
Yangon

အာရှဒေသ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယားတို့က စစ်ကောင်စီကို ပိတ်ဆို့ အရေးယူဖို့ ပျက်ကွက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အာရှဒေသတွင်း အင်အားကြီး ဒီမိုကရေစီ နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယား တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို ပိတ်ဆို့အရေးယူရန် ပျက်ကွက်နေတယ်လို့ Justice for Myanmar က ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။ဒေသတွင်း ဒီမိုကရေစီ နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယား တို့ဟာ မြန်မာပြည်သူတွေ အပေါ် အကြမ်းဖက်နေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်နဲ့ စစ်ကောင်စီ အပေါ် မည်သည့် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကိုမှ မလုပ်ဆောင်ခဲ့ဘူးလို့ JFM ကထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဒါ့အပြင် အဲ့ဒီနိုင်ငံတွေမှာ အ‌ခြေစိုက်တဲ့ ကုမ္ပဏီတွေဟာလည်း မြန်မာစစ်ကောင်စီရဲ့ စီးပွားရေး လုပ်ငန်းစုကြီးများနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြဆဲ ဖြစ်တယ်လို့ JFM က ထောက်ပြထားပါတယ်။ ဩစတြေးလျနိုင်ငံအနေနဲ့ Magnitsky-style ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ဥပဒေ မူကြမ်းတစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်နေ့က အတည်ပြုခဲ့ပြီး ဖြစ်ပေမယ့်လည်း အခုအချိန်ထိ အဲ့ဒီ ဥ‌ပဒေအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာမရှိဘူး လို့ဆိုပါတယ်။“ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့ဟာ မြန်မာစစ်ကောင်စီရဲ့ တရားမဝင် စစ်အာဏာ သိမ်းကြိုးပမ်းမှုကို တုန့်ပြန်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု ဘာတခုမှ ချမှတ်နိုင်ခဲ့ခြင်း မရှိတာဟာ ရှက်ဖို့ကောင်းပါတယ်။ မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့နဲ့ အရှိန်မြှင့်ပြီး ချက်ချင်း အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုပါတယ်”။“ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က သူတို့ရဲ့ မိတ်ဆွေ အစိုးရတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ ချမှတ်လုပ်ဆောင်ထားပြီးတဲ့အပြင် ဒီလို နှောင့်နှေး ကြန့်ကြာနေတဲ့ အစိုးရတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့အတွက် တွန်းအားပေးဖို့လည်း တာဝန်ရှိနေပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု‌တွေကို ရပ်တန့်ဖို့ နိုင်ငံတကာ အစိုးရ‌တွေက ပိုမို ဖိအားပေးလုပ်ဆောင်ဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ လည်း JFM ကတိုက်တွန်းခဲ့ပါတယ်။ ရရှိထားတဲ့ အချက်အလက်များအပေါ် လေ့လာချက်အရ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံ တကာအစိုးရများအကြား ကွဲလွဲတဲ့ ချဉ်းကပ်မှုပုံစံတစ်ရပ်ကို တွေ့ရှိရပြီး၊ ဒီထက် ပိုမိုထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးလိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းများထဲမှ အချို့ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ချမှတ်ခဲ့ပါတယ်။သို့သော်လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE)၊ Telecom International Myanmar (မိုင်တဲလ်ကို ပိုင်ဆိုင်သည့် ကုမ္ပဏီ) အပါအဝင် စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ဟာ အကြမ်းဖက် စစ်ကောင်စီ အတွက် အရေးပါတဲ့ အခွန်ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ စစ်တပ်ထိန်းချုပ်မှု အောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ စစ်လက်နက်နဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ ထောက်ပံ့မှုမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်း တွေကိုလည်း အရေးယူဒဏ်ခတ်မှုလုပ်ဆောင်ရာမှာ သိသိသာသာ နည်းပါး နေတယ်လို့ JFM က ထောက်ပြထားပါတယ်။ “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီဆီ အခွန်ငွေနဲ့ စစ်လက်နက်စီးဆင်းမှု လမ်းကြောင်းကို ဖြတ်တောက်ဖို့ အလေးအနက်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လက်တွေ့ အကောင်အထည်ဖော်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်”လို့ JFM ရဲ့ ပြောရေးဆိုခွင့် ရှိသူ မရတနာမောင်က ဆက်လက် ပြောခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article