25 C
Yangon

မန္တလေး၊ တေဇာလင်္ကာရကျောင်းကို စစ်တပ်က ချိတ်ပိတ်ပြီး ကား၊ငွေနှင့်ပစ္စည်းများကို လုယက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မန္တလေးမြို့၊ဝိဇိတာရာမတိုက်အတွင်းရှိ သံဃာ့သမဂ္ဂမှ ဆရာတော် အရှင်ကလျာဏ၏ တေဇာလင်္ကာရကျောင်းကို စစ်တပ်က ချိတ်ပိတ်ပြီး အလှူရှင်များ လှူဒါန်းထားသော ကားနှင့်ငွေကြေးများကို လုယူသွားကြောင်း သံဃာ့သမဂ္ဂအဖွဲ့ဝင်ဆရာတော်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးမြို့ရှိ တေဇာလင်္ကာရကျောင်းကို စစ်တပ်က စစ်ကား ၃ စီးဖြင့် လာရောက်ကာ သေနတ်များချိန်၍ ဝင်ရောက်လုယက် ချိတ်ပိတ်သွားကြောင်း၊ စစ်တပ်နှင့်အတူ မန္တလေးမဘသ ဆရာတော်များ ပါဝင်ကြောင်း၊ ကျောင်းတိုက်အတွင်းမှ အလှူရှင်များ လှူဒါန်းထားသော မော်တော်ကား၊ ပန်ကာ၊ အောက်ဆီဂျင်စက် ၂ လုံး၊ ခရီးဆောင်အိတ်၊ ငွေကြေးများ၊ ကျောင်းတိုက်တွင် လာရောက်တည်းခို၍ ဆေးကုသမှုခံယူနေသော လူနာတချို့ထံမှ ငွေကျပ် ၁၅ သိန်းကိုပါ စစ်တပ်က လုယက်သွားကြောင်း သိရှိရသည်။

“အရှင်ကလျာဏက သံဃာ့သမဂ္ဂအဖွဲ့ဝင်ဆရာတော်ပါ။ ဆရာတော်က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ် ရှားမှုတွေမှာ တောက်လျှောက်ပါတယ်။ မနေ့က စစ်တပ်က ကျောင်းကို လာရှာချိန်မှာ ဆရာတော်လည်း ကျောင်းမှာ မရှိလို့ အဖမ်းမခံရပါဘူး။ မဘသဆရာတော်နဲ့ပေါင်းပြီး ဆရာတော့်ကျောင်းကို ချိတ်ပိတ်တဲ့သဘော။ ကျောင်းမှာ ရှိတဲ့ ပစ္စည်း တွေအားလုံးကိုလည်း လုယူသွားပါတယ်။အဲဒီကျောင်းမှာ ဆရာတော်က မနေဘဲ ရှောင်နေတာ တော်တော်ကြာပြီ။ အခုမှ စစ်တပ်က ဘာစိတ်ကူးပေါက်လဲမသိ။ ဒါကသက်သက်မဲ့ ညစ်တာပေါ့” ဟု သံဃာ့သမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

စစ်တပ်က ချိတ်ပိတ်လိုက်သည့် အရှင်ကလျာဏ၏ တေဇာလင်္ကာရကျောင်း သည် မန္တလေးမြို့၊ ၇၈လမ်း၊ မိုးကုတ်ဝိပဿနာ မြဝတီစာသင်တိုက်အနီးရှိ နာမည်ကျော် ဝိဇိတာရာမကျောင်းတိုက်အတွင်းတွင် တည်ရှိသည်။

ဓာတ်ပုံ- စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်နေသည့် သံဃာ့သမဂ္ဂ ဆရာတော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article