26 C
Yangon

မှော်ဘီလေတပ်စခန်းတွင် တစ်စီးလျှင် ဒေါ်လာ ၁၅ သန်းတန် Yak 130 အမျိုးအစား တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရပြီး ၁ စီး ပေါက်ထွက်ကာ အခြား ၁ စီး ဗုံးစမှန်၍ ရေဒါစနစ် ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှ Yak 130 အမျိုးအစား တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရပြီး ၁ စီးပေါက်ထွက်ကာ အခြား ၁ စီးမှာလည်း ဗုံးစမှန်၍ လေယာဉ် ၏ရေဒါစနစ် ပျက်စီးသွားကြောင်း တပ်ဘက်သတင်းရင်းမြစ်များက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထားရှိနေရာကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သိရှိရသည်။

Yak 130 တိုက်လေယာဉ်အမှတ် ၁၈၀၂ ၏ Drop Tank တွင် ဗုံးတစ်လုံးနှင့် ပေါင် ၂၅၀ ဗုံးတွင် အဝေးထိန်း ဗုံးတစ်လုံး ကပ်၍ ဖုန်းခေါ် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗုံးခွဲခံရမှုကြောင့် Yak 130 1802 မှာလုံး၀ ပေါက်ထွက် ပျက်စီးသွားပြီး အခြား Yak 130 လေယာဉ် ၁ စီး၏ ရေဒါစနစ်များလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

Yak 130 တိုက်လေယာဉ်များသည် ရုရှားထုတ်ဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန်မာနိုင်ငံတွင် Yak တိုက်လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။

Yak 130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်သားဒေသများကို ဗုံးကျဲတိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ Yak 130 တိုက်လေယာဉ်များကို မင်းအောင်လှိုင်လက်ထက်တွင် မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမ ၃ စီးရောက်ရှိလာ‌ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဝယ်ယူထားသော ၁၈ စီး ရောက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မပေါက်ကွဲ မပျက်စီးမီက Yak 130 အမျိုးအစား တိုက်လေယာဉ် 1802 ကို မြင်ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article