ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄
မြန်မာနိုင်ငံတဝန်း ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များအပေါ် လေကြောင်းမှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်သွင်းပေးနေသည့် ကုမ္ပဏီ ၃ ခု၏ အမည်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ထုတ်ပြန်လိုက်ပြီး အဆိုပါ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ ၎င်းတို့၏ ထုတ်ကုန်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် သတိပေးထားသည်။
Yangon Aerodrome Company Ltd (Subsidiary of Asia World Group)၊ ASIA Sun Energy (PUMA Energy ကုမ္ပဏီ၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ)၊ Myat Myittar Mon Group of Companies (မြတ်မေတ္တာမွန် ကုမ္ပဏီအုပ်စု) များသည် အကြမ်းဖက်စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်သွင်းပံ့ပိုးပေးနေပြီး အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုအားပေးသော စီးပွားရေးလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်းကြောင်း NUG က ဆိုသည်။
အဆိုပါ ကုမ္ပဏီများ၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ Business to Business ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အဆိုပါ လုပ်ရပ်များကို အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ကြေညာသည်။
NUG ၏ စီးပွားရေးဆဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စစ်ဆေးစုံစမ်း အတည်ပြုထားသည့် ကုမ္ပဏီများသာဖြစ်ပြီး စုံစမ်းစစ်ဆေးဆဲ ကုမ္ပဏီများအနက်မှ အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းရာတွင် ကူညီပေးနေသော ကုမ္ပဏီများကို ဆက်လက်ထုတ်ပြန်ရန်ရှိကြောင်း သိရှိရသည်။