ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ကိုဆန့်ကျင်သော ပြည်သူလူထုများ၏ နေအိမ်စည်းစိမ်များကို မတရားသဖြင့် ချိတ်ပိတ်သိမ်းဆည်းနေမှုများသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် သူရဲဘောကြောင်စွာ စနစ်တကျဖိနှိပ်လာသော လုပ်ရပ်များဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်သည်။
ပြည်သူလူထုများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို စစ်ကောင်စီလော်ဘီများက Telegram လူမှုကွန်ရက်တွင် ရေးသားဖော်ပြနေကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို မတရား ချိတ်ပိတ်သိမ်းဆည်းနေခြင်းဖြစ်သည်။
ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ယင်းမတရားဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ကြသူများသည် ပါဝင်ပါတ်သတ်မှုအတိုင်းအတာပေါ်မူတည်၍ တာဝန်ယူ၊ တာဝန်ခံရစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချိတ်ပိတ်သိမ်းဆည်းခံရသည့် အိုးအိမ်ပိုင်ဆိုင်မှုစာရင်းများကို သက်သေများနှင့်တကွ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် တိုင်ကြားနိုင်ကြောင်း NUG က ထုတ်ပြန်သည်။
နိုင်ငံအာဏာကို တရားမဝင်လုယူထားသော အကြမ်းဖက် စစ်အုပ်စု၏ ဆောင်ရွက်နေမှုများအားလုံးသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက် မည်သည့်သက်ရောက်မှုမျှမရှိဘဲ ပျက်ပြည်ပြီး ဖြစ်ကြောင်း၊ နေအိမ် ချိတ်ပိတ်သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ ဆုံးရှုံးမှုမရှိစေရေးနှင့် အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုဖော်ဆောင်ရေး အကောင်အထည်ဖော်ချိန်တွင် ချိတ်ပိတ်ခံရသော အိုးအိမ်ပိုင်ဆိုင်မှုများ ပြည်သူ့လက်ရောက် ပြန်လည် ပေးအပ်နိုင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးစားပေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။