37 C
Yangon

ကရင်နီပြည်နယ်တွင် မတ်လ နောက်ဆုံးတပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်းသေဆုံး၊ KNDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်နှင့် ရှမ်း-ကယားအစပ် မိုးဗြဲမြို့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား မတ်လ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ တပတ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်သား ၂၃ ဦးထက်မနည်းသေဆုံးပြီး KNDF တပ်ရင်း (၁၅) မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

မတ်လ ၂၄ ရက်နေ့တွင် ဒီးမော့ဆို၊ ထူလွှီးဘီလာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများက ထူးလွှီးဘီလာကျေးရွာရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖရူဆို ငွေတောင်ရွာသစ်အနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်စဉ် စစ်သား အများအပြားသေဆုံးခဲ့ကြောင်း၊ KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၅ ရက်နံနက်တွင် လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာအနီးတောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို KNDF က ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာသွားကာ အဆိုပါ တောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် ဒီးမော့ဆို၊ ဒေါပိုးစီ၊ ၅ မိုင်နှင့် ၆ မိုင်ကျေးရွာများဘက်မှ ဘက်တလိန်ကျေးရွာအထိ စစ်ကြောင်းထိုးလာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း စစ်ကောင်စီတပ်မှ ၅ မိုင်ကျေးရွာရှိ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း KDNF က ထုတ်ပြန်သည်။

မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ဖရူဆိုအခြေစိုက် ခမရ (၄၂၈) တပ်ရင်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ ည ၈ နာရီခန့်တွင် မိုးဗြဲအခြေစိုက် ခမရ (၄၂၂) သရက်ခြံတပ်ရင်းကို KNDF က ရှောင်တခင်ဝင်တိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

မတ်လ ၂၇ ရက် နံနက်တွင် ဒီးမော့ဆို ကုန်းသာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး ပွဲချင်းပြီးသေဆုံးကြောင်း၊ ဖရူဆို အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းကို ဝင်တိုက်ရာတွင် စစ်သား ၂ ဦးသေဆုံးကြောင်း၊ မတ်လ ၂၈ ရက် ဒေါငံခါးရှိ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

မတ်လ ၃၀ ရက်တွင် ဖရူဆို ခမရ (၄၂၈)တပ်ရင်းိကု နောက်တကြိမ် ဝင်တိုက်ရာတွင် အရာရှိအပါအဝင် စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း KNDF က ဆိုသည်။

စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မှ ကရင်နီပြည်နယ်သို့ စစ်ကား အစီး ၄၀ ဖြင့် အင်အားဖြင့်တင်းလာပြီး ဒီးမော့ဆို၊ ထူးလွှီးဘီလာနှင့် ငွေတောင်ရွာသစ်အနီးတဝိုက်တွင် ကရင်နီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အထိနာနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article