ရန်ကုန်၊ ဧပြီ ၇
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ အတွင်းရှိ ဖာပွန်မြို့နယ် မဲဝိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သား ကျော်မင်းအောင်သည် လက်နက်နှင့်အတူ KNU ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။
အဆိုပါ တပ်သား ကျော်မင်းအောင်သည် စကခ (၈) လက်အောက်ခံ ထားဝယ်၊ သရက်ချောင်းအခြေစိုက် ခမရ (၄၀၅) တပ်သား ၁ ဦးဖြစ်ပြီး ၎င်းကိုင်ဆောင်သည့် MA1 အမျိုးအစား သေနတ်နှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်အာဏာရှင်က ပြည်သူလူထုအပေါ် နေ့စဉ်နှင့်အမျှ နှိပ်စက်သတ်ဖြတ်နေသည်ကို ကြားသိရ၍ စစ်အာဏာရှင်ကို စွန့်ခွာကာ အလင်းဝင်လာခဲ့သည်ဟု တပ်သားကျော်မင်းအောင်က ပြောဆိုကြောင်း KNU တပ်မဟာ ၅ သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင် ခိုလှုံလာသည့်အရေအတွက်သည် ယခုလပိုင်းတွင် များစွာရှိနေကြောင်း သိရှိရပြီး အရေအတွက်အတိအကျကို KNU က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဓါတ်ပုံ – KNU တပ်မဟာ ၅ ထံ အလင်းဝင်ရောက်လာသည့် တပ်သားကျော်မင်းအောင်