25 C
Yangon

ရန်ကုန် မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ အရှေ့ဒဂုံ၊ လှည်ကူးတို့တွင် ဗုံးများဆက်တိုက်ပေါက်ကွဲ၊ မုံရွာမြို့ပေါ်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်

Must read

ရန်ကုန်၊ ဧပြီ ၁၄

ရန်ကုန် မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ အရှေ့ဒဂုံတို့တွင် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့ တွင် ဗုံးများဆက်တိုက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် မြောက်ဒဂုံ ၇/၈လမ်းဆုံအနီး မြောက်ဒဂုံရဲစခန်းတွင် ပစ်ခတ်သံများကြားရကြောင်း ၊ ယင်းနောက် ည ၉ နာရီအချိန်မှစတင်ပြီး ဗုံးများပေါက်ကွဲကြောင်း၊ သို့ရာတွင် စစ်တပ်နှင့်ရဲက လာရောက်ခြင်းမရှိဟု သိရှိရသည်။

“‌မြောက်ဒဂုံ ၇/၈ လမ်းဆုံနားမှာ ဗုံးတစ်လုံးစပေါက်ပါတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပါ။ အချိန်က ည ၉ နာရီ ၁၁ မိနစ် မှာပါ။ ည ၉ နာရီ ၁၆ မိနစ်မှာ ဒုတိယအလုံးနဲ့ ည ၉ နာရီ ၂၂ မိနစ်မှာ တတိယအလုံးထပ်ပေါက်ပါတယ်။ အသံကတော့အရမ်းမကျယ်ပါဘူး။ ခွေးတွေရောက်လာတာလည်း မတွေ့သေးပါဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင်အရှေ့ဒဂုံတွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံတချို့က ပြောဆိုသည်။

အလားတူ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်မြို့ရတနာသီရိစျေးသစ်တွင်ယနေ့မွန်းလွဲ ၁ နာရီကျော်အချိန် ရတနာသီရိစျေးသစ်စျေးတာဝန်ခံရုံးတွင်ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး စျေးသည်တစ်ဦး ထိခိုက်သွားကြောင်း သိရှိရသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် မြို့သစ် က.ခ. ရပ်ကွက် ကကြီး ၃ လမ်းအတွင်းသို့ အိမ်စီးကား ၂စီးဖြင့် စစ်ကောင်စီတပ်သားများက ဝင်ရောက်လာပြီး သင်္ကြန်ရေ ဆော့ကစားနေသော ကလေးများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ ဆိုင်ကယ်နှင့် စက်ဘီး စီးလာသူများကိုဆောင့်ကန်ခြင်းများ ပြုလုပ်ကြောင်း၊ အဆိုပါ လမ်းအတွင်းမှ လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၁၃ ရက်နေ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့တွင် အသံဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ဒါးပိန်မြို့တွင် တပ်စွဲထားသည့် စကစအဖွဲ့များက သေနတ် ပစ်ခတ်မှုများပြုလုပ်ကြောင်း၊ ဒါးပိန်တောင်ပိုင်း ဒါးပိန်တိုက်နယ်ဆေးရုံလမ်းထိပ်တွင် ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ည ၉နာရီခန့် အသံဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စကစအဖွဲ့က သေနတ်များ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒါးပိန်ဆေးရုံလမ်းထိပ် အသံဗုံးပေါက်တာလို့ သိရတယ် မီးကလည်းပျက်နေတယ် ပြီးတော့ သေနတ်ပစ်ခတ်သံတွေကြားရတယ် အကုန်လုံး လန့်ဖျန့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်တာပေါ့”

အလားတူ ယနေ့ ည ၈ နာရီအချိန် မန္တလေးတိုင်း၊ ပလိပ်မြို့နယ်ရဲစခန်းနှင့် ရဲတပ်ရင်း မှ ရဲများက ရမ်းသမ်း ပစ်ခတ်မှုများလုပ်ဆောင်ပြီး ရဲ ၁၄ တပ်ရင်း အနီးရှိ အောင်ဖြိုးဝေ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသောလူငယ်များကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ စစ်ကိုင်းတိုင်း မုံရွာတွင် ပစ်ခတ်တိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ညနေ ၅ နာရီ ၂၅ မိနစ်အချိန် မုံရွာကျောက္ကာ လမ်းမပေါ်ရှိ ရန်ကင်းမီးပွိုင့်အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်ပစ်မိုင်းဖြင့် ဖောက်ခွဲကြောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန် စစ်ကောင်စီက ထုတ်လုပ်သော ကုန်ပစ္စည်းများကို တင်သွင်းရောင်းချနေသောကြောင့် Super Gold ဘီယာဆိုင်ကို လက်ပစ်မိုင်းတစ်လုံးဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မုံရွာမြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာ လမ်းဆုံ သံလမ်းမီးပွိုင့် စစ်ဆေးဂိတ်ကို ယနေ့ လက်ပစ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ပေ (၈၀)လမ်း စစ်ဆေးရေးဂိတ်အာ လက်ပစ် မိုင်းနှစ်လုံးဖြင့် ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်အချိန် ပစ်ပေါက်ဖောက်ခွဲခဲ့မုံရွာအခြေစိုက် တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

ယနေ့ မုံရွာမြို့ပေါ် တိုက်ခိုက်မှုများကို Unity Force Monywa, Brother Defense Force နှင့် Monywa Death Killer group မဟာမိတ်ပူပေါင်းအဖွဲ့ ရဲဘော်များက ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အကြမ်းဖက်စစ်သားများ။

Photo- Agencies ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article