25 C
Yangon

စစ်ကိုင်းတိုင်း၊ အရာတော်၊ ထီးချိုင့်နှင့် ရွှေဘိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၍ စစ်သား ၁၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းချောင်းကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယမန်နေ့ ဧပြီလ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးခန့် သေဆုံးနိုင်ကြောင်း အရာတောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နောင်ကြီးအိုင်ရဲစခန်းမှ ထွက်ခွာလာသော အင်အား ၇၀ ခန့်ရှိ အဆိုပါ စစ်ကြောင်းကို အရာတော် ပကဖ၊ နယ်မြေခံမဟာမိတ်အင်အားစုများ၊ ရွှေဘို ပကဖ နှင့် ဒီပဲယင်း ပကဖ တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

အလားတူ ထီးချိုင့်မြို့နယ် တုံလုံရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုးပြာဆိုက်တွင် Eagles Army (ထီးချိုင့် PDF) က ယနေ့ ဧပြီလ ၂၁ ရက်၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရကြောင်း Eagles Army က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း Eagles Army – HPDF က ထုတ်ပြန်ထားသည်။

အလားတူ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဧပြီလ ၁၈ ရက်နေ့တွင် ဒေသခံ PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း C&T SHWEBO တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဝင်ရောက် တိုက်ခိုက်ခံရသော တပ်စခန်းကို ပလိုင်းရွာမှ အကြမ်းဖက် စစ်တပ်က စစ်ကူအဖြစ် လာရောက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ကို ဒေသခံ PDF တပ်ဖွဲ့များက အသင့်စောင့်ဆိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို C&T SHWEBO တပ်ဖွဲ့၊ SNAKE EYES-PDFတပ်ဖွဲ့၊ PEOPLE DEFENSE FORCE SHWEBOတပ်ဖွဲ့၊ ALPHA-7တပ်ဖွဲ့၊ ဒေါင်းမာန်အဖွဲ့၊ ဗိုလ်ကျားရိုင်း(ပ.က.ဖ)နှင့် ရွှေဘိုမြို့နယ် တပ်ပေါင်းစု (၂) ၊ တပ်ပေါင်းစု (၅) တို့မှ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – Eagles Army – HPDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article