25 C
Yangon

မင်းအောင်လှိုင်ကမ်းလှမ်းမှုကို KNU ကငြင်းပယ်

Must read

By ရန်ကုန်ခေတ်သစ်

” (မင်းအောင်လှိုင်က) သွေးခွဲအုပ်ချုပ်ရေးစနစ်၊ သွေးခွဲအနိုင်ယူခြင်းစနစ် ဆိုတဲ့ဟာတွေနဲ့ပဲ တဖွဲ့နဲ့ တဖွဲ့ကြားမှာ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်လုပ်တဲ့ သဘောပဲ။ မြန်မာစစ်တပ်ထဲမှာ တကယ်တမ်း တပ် သားသစ် စုဆောင်းရေးမှာ အခရာကျနေတဲ့ အညာလိုဒေသမှာ အကုန်ရှို့ အကုန်သတ် လုပ်နေတော့ စစ်တပ်မှာ အကုန်လုံး လမ်းပိတ်ကုန်ပြီလေ”

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ကိုယ် တိုင်တွေ့ဆုံမည်ဖြစ်ပြီး မေလ ၉ ရက်နေ့တွင် နောက်ဆုံးထားစာရင်းပေးကြရန် ဧပြီလ ၂၂ ရက်နေ့တွင် ရုတ်တရက် ဖိတ်ခေါ်မှု လုပ်ဆောင်သည်။

အကြမ်းဖက်မင်းအောင်လှိုင်၏ ဖိတ်ကြားချက်နှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်အပေါ် KNU အနေနဲ့ ဘယ်လိုသဘောထားရှိလဲ၊ KNU အတွင်းမှာရော ဆွေးနွေးမှုတွေ ရှိနေပြီလား။

ဖြေ။ ။ ဆွေးနွေးမှုမရှိဘူးဆိုပေမယ့် ကျနော်တို့ ပြင်ဆင်ထားတဲ့ဟာတွေက အတူတူပဲလေ။

မေး။ ။ ဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ ထူးထူးခြားခြားတော့မရှိဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျနော်တို့ ငြင်းပယ်တာမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ အရင်လိုပုံစံမျိုးနဲ့ ဘယ်လိုမှ လက်ခံလို့မရတော့ဘူး။ ရှိတဲ့အပေါ်မှာ ကျနော်တို့ လိုချင်တဲ့ပုံစံတမျိုး ပုံစံအသစ်နဲ့ သွားဖို့ပဲ လိုတော့တယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ဒီလိုပုံစံမျိုးနဲ့ သွားလို့ မရတဲ့အပေါ်မှာ Condition အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ သွားရမှာပဲ ဖြစ်တယ်။ ဒီ Condition ကို သူတို့ လက်ခံနိုင်မှပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျနော်တို့ သွားလို့ရမယ်။

မေး။ ။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို ချန်ထားတဲ့အပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးလို့ရမလဲဗျ။

ဖြေ။ ။ အဲဒီအပေါ်မှာကတော့ သူတို့တောက်လျှောက် ကျင့်သုံးလာခဲ့တဲ့ သွေးခွဲအုပ်ချုပ်ရေးစနစ်၊ သွေးခွဲအနိုင်ယူခြင်းစနစ် ဆိုတဲ့ဟာတွေနဲ့ပဲ သပ်လျှိုပြီးတော့ ကျနော်တို့ အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ ကျနော်တို့ တဖွဲ့နဲ့ တဖွဲ့ကြားမှာ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်လုပ်တဲ့ သဘောပဲ။

တွေ့ဆုံဆွေးနွေးပွဲတခုလုပ်မယ်ဆိုရင်တော့ Inclusive (အားလုံးပါဝင်နိုင်မှု) မရှိဘဲနဲ့ ဒီနိုင်ငံရေး ပြဿနာက ဘယ်တော့မှ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ လူပြိန်းကအစ သိနေတဲ့ကိစ္စ။ ဒါပေမယ့် အခုလို တမင်တကာကို ထားခဲ့တဲ့ဟာက စေတနာ လုံးဝ မရှိဘူးဆိုတာ ရှင်းနေတာပဲ။

မေး။ ။ အခုက မင်းအောင်လှိုင်က ဘာကြောင့်မို့လို့ ကျနော်နဲ့တွေ့ပါမယ်၊ ကျနော်ကိုယ်တိုင်တွေ့ပါမယ် လို့ ပြောရတဲ့အဆင့်ထိ ဖြစ်လာလဲဗျ။

ဖြေ။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ယိုယွင်းလာတဲ့ အခြေအနေအရပ်ရပ် ဥပမာ နိုင်ငံရေးမှာရော စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာက အခုနောက်ဆုံးဆို အဲဒီ ဒေါ်လာနဲ့ လောင်စာဆီပြဿနာက အကြီးဆုံး အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီဖြစ်တယ်။

နောက်ပြီးတော့ နိုင်ငံတကာ သံခင်း တမန်ခင်းကိစ္စတွေမှာလည်း ဘယ်လိုမှ အလားအလာကောင်းနိုင်စရာ အကြောင်းမရှိဘူး။ သူရဲ့ လုပ်ပုံက အများကြီး မူတည်မှာလေ၊ ဥပမာ သတ်တာ ဖြတ်တာတွေက။

ဒီလိုဟာတွေက ဘယ်လိုမှကို တိုးလို့မရတော့ဘူး။ ဆိုလိုတာက တဖက်ကနေ ပြန်ကြည့်လိုက်တဲ့အခါမှာလည်း စစ်ရေးအရ‌ ဖြေရှင်းတဲ့အခါမှာလည်း အကုန်မီးရှို့ အကုန်သတ် ဆိုပြီး လုပ်လာတဲ့ဟာတွေက နောက်ဆုံး ပြောရမယ်ဆို မြန်မာစစ်တပ်ထဲမှာ တကယ်တမ်း တပ်သားသစ် စုဆောင်းရေးမှာ အခရာကျနေတဲ့ အညာလိုဒေသမှာ အကုန်ရှို့ အကုန်သတ်လုပ်နေတော့ သူ့မှာ အကုန်လုံးလမ်းပိတ်ကုန်ပြီလေ။

အဲဒါကြောင့်မို့လို့ ဘာတခုပဲ လုပ်လုပ် သူ့လူတွေကို ခိုင်းလည်း ဘာမှ အရာမထင်၊ နောက်ဆုံးကျတော့ ခိုင်းစရာလူမရှိတော့တဲ့အခါမှာ သူကိုယ်တိုင် ထ ပြီးတော့ ပွဲထွက်လာတဲ့ သဘောပေါ့၊ ကိုယ့်ကိုယ်ကို ပွဲထုတ်လာတယ်ဆိုတော့ ပွဲပေးတာတောင် သူများပေးတာကို လုံးဝ မစောင့်နိုင်တော့ဘဲ ကိုယ့်ဘာသာကိုယ် ထ ပေးရတဲ့ အဆင့် ရောက်သွားပြီလေ။

ဒုတိယအချက်က အခု ဒီလိုကိစ္စမျိုးမှာ တစ်တိုင်းပြည်လုံးနဲ့ ဆက်ဆံတဲ့ ကိစ္စမျိုးမှာ ခိုင်းစရာလူကလည်း ကုန်သွားပြီ၊ ခိုင်းလို့ ရတော့မှာလည်း မဟုတ်ဘူး။ ဆိုတော့ သူ့ဘာသာသူ ထ လုပ်တာပဲ၊ ဒါပေမယ့် ကျနော် ပြောချင်တာက ဒီလိုနည်းဗျူဟာမျိုးကျတော့ ဘာမှ လုပ်လို့မရဘူးလေ။

အဓိကကျတာ ဘာလဲဆိုတော့ မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ၊ အဲဒါက အနာတွေ ရှိထားရဲ့သားနဲ့ ဆေးမကုချင်တာ ဒါက ပြဿနာပဲ။ အဲဒါကို ဘယ်လိုမှ လုပ်လို့မရဘူး။

မေး။ ။ အခု မင်းအောင်လှိုင် ဖိတ်ခေါ်မှုကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဘယ်လို သဘော ထားသင့်လဲ၊ သွားတက်တဲ့အဖွဲ့တွေကိုရော ဘာပြောချင်လဲ။

ဖြေ။ ။ တဖွဲ့ချင်းစီတိုင်းကတော့ သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်၊ ဘာမှ ပြောပိုင်ခွင့်မရှိဘူးလေ။ တခုပဲ သတိပြုရမှာက အခုကာလမှာ ဒီလိုဖြစ်နေတဲ့အခြေအနေနဲ့ တကမ္ဘာလုံးက အုတ်အော်သောင်းနင်းဖြစ်နေတဲ့အခါမှာ တကမ္ဘာလုံးမှာ သူ့ကို လူရာမသွင်းတဲ့ကိစ္စနဲ့ ဖြစ်ပြီးတော့ အထူးသဖြင့် ကျနော်တို့ ကိုယ်တိုင်က NCA ကို လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို ကိုယ်ထိလက်ရောက် ကျနော်တို့ တကယ်ဝင်တဲ့အခါမှာ တွေ့ကြုံရတဲ့အခြေအနေအားလုံးဟာ အပြင်ကနေပြီးတော့ ဘေးထိုင်ဘုပြောနေတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ဟာကို သက်သေပြပြီးတော့ ပြောနေတာ ဖြစ်တယ်။

ဒီဟာတွေကိုမှ နမူနာကောင်းအနေနဲ့ သင်ခန်းစာ မယူတတ်ဘဲနဲ့ ထ ပြီး သွားတွေ့မယ်၊ သွားပြီးတော့ ညှိနှိုင်းမယ်ဆိုရင်တော့ ဖြစ်နိုင်စရာအကြောင်းရှိတာက ဒါဟာ တိုင်းပြည်အရေး ဘယ်လိုမှ မဟုတ်တော့ဘူး၊ ကိုယ့်အဖွဲ့အစည်းအရေး ကိုယ့်အကြောင်း ကိုယ့်ကိစ္စ ကွက်ကွက်လေးကိုပဲ ကြည့်ပြီးတော့ ဖြေရှင်းမယ်ဆိုရင်တော့ ဖြစ်နိုင်စရာအကြောင်းရှိပါတယ်။

ဒါပေမယ့် ဒီကနေ့မှာ ရင်ဆိုင်နေရတဲ့ တတိုင်းပြည်လုံးရဲ့ ပြဿနာကြီးက ကျနော်တို့ ဒီအတိုင်း သွားဖြေရှင်းလို့ မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article