37 C
Yangon

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ကွယ်လွန်

Must read

ရန်ကုန်၊ ဧပြီ ၃၀

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးသည် ယနေ့ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ၎င်းနေထိုင်ရာ ရန်ကုန်၊ ကိုးမိုင်ရှိ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

အသက် ၇၉ နှစ် ရှိ ဦးခွန်ထွန်းဦးသည် ၁၉၈၈ လူထူအရေးတော်ပုံကာလနောက်ပိုင်းတွင် SNLD ပါတီကို ဦးဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် သီပေါမြို့နယ်၌ ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP တွင် SNLD ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ဦးခွန်ထွန်းဦးကို နအဖ စစ်အစိုးရက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။

ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD ပါတီသည် ပြန်လည်မှတ်ပုံတင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ပြိုင်ဆိုင်ခဲ့ရာ မဲဆန္ဒနယ္ ၄၀ ကျော်တွင် အနိုင်ရရှိခဲ့သည်။

ဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်းသည် SNLD ပါတီနှင့် ရှမ်းလူထုအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း SNLD ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောဆိုသည်။

“ရှမ်းပြည်နိင်ငံရေးအရ တန်ဖိုးကြီးမားတဲ့ ဆုံးရူံးမှုပါပဲ ။ သူယုံကြည်မျှော်လင့်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်ကတော့ လက်ဆင့်ကမ်းသယ်ဆောင်မယ့် မျိုးဆက်တွေကို ယုံကြည်စိတ်ချစွာ အပ်နှံခဲ့ပြီး ခရီးရှည်ကြီးကို ထွက်သွားပြီဆိုရမှာပါ ။ ရှမ်းပြည်မှာ နေထိုင်တဲ့ သူတွေ အားလုံးကတော့ သူ့ကိုဘယ်တော့မှ မေ့‌ပျောက်သွားကြမှာမဟုတ်ပါဘူး ။ ရှမ်းပြည်နိင်ငံရေး ၊ဖက်ဒရယ်ပြည်ထောင်စု အရေးမှာ စံထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သလို ရှမ်းနိင်ငံရေး မှာ သူက သူရဲကောင်း တဦးပါပဲ” ဟု ရှမ်းပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဓါတ်ပုံ – ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article