25 C
Yangon

စစ်ကောင်စီတွင် စွမ်းအင် ဝယ်ယူရန် ပိုက်ဆံမရှိခြင်းကြောင့် လျှပ်စစ်မီးပိုပြတ်မည်ဟု Blood Money Campaign ကပြော၊ မြန်မာနိုင်ငံတွင် လျှပ်စစ် မီး ပြတ်တောက်ကာလ ပိုမိုကြာရှည်လာမည်ဟု ကမ္ဘာ့ဘဏ် သတိပေး၊ သဘာ၀ ဓာတ်ငွေ့များ ပြည်သူအတွက် မသုံးဘဲ တရုတ်နှင့်ထိုင်းကိုရောင်းပြီး စစ်တပ်က လက်နက်ဝယ်

Must read

ရန်ကုန်၊ မေ ၄

စစ်ကောင်စီက လောင်စာဆီနှင့် သဘာ၀ဓာတ်ငွေ့ရည် LNG ဝယ်ယူရန် ဒေါ်လာငွေကြေးမရှိတော့ခြင်း ၊ ရေအားလျှပ်စစ်ထွက်ရှိမှု နည်းလာခြင်း၊ ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများမှ ဓာတ်ငွေ့မရရှိတော့ခြင်းတို့ကြောင့် လျှပ်စစ်မီးပြတ်မှု အခြေအနေ ပိုမိုဆိုးလာနိုင်ကြောင်း Blood Money Campaign က သတိပေးလိုက်ပြီး ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုကြာလည်မည်ဟု သတိပေးထားသည်။

“ လက်ရှိ မြန်မာနိုင်ငံ လျှပ်စစ်မီး ဖြန့်ဝေပေးနေတာက ကျောက်မီးသွေး၊ LNG Gas၊ ရေအားလျှပ်စစ်နဲ့ ဆိုလာစနစ်တွေကို သုံးပြီး National Grid ကနေပြန် ခွဲဝေပေးတာပါ။ မြန်မာနိုင်ငံမှာ အစိုးရ ရေအားလျှပ်စစ်စက်ရုံ ၂၃ ရုံ၊ အပူစွမ်းအင် စက်ရုံ ၁၀ ရုံ၊ ပုဂ္ဂလိကပိုင် ရေအားလျှပ် စက်ရုံ ၅ ရုံ နှင့် အပူစွမ်းအင်စက်ရုံ ၁၂ ရုံကနေထုတ်ပေးနေတာပါ။ ရေအားလျှပ်စစ်က ၅၈ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ကနေ ၃၈ ရာခိုင်နှုန်း ၊ ကျောက်မီးသွေးက ၂ ရာခိုင်နှုန်း နဲ့ ဆိုလာကနေရာခိုင်နှုန်း နည်းနည်းပဲပါတာပါ။ အဲ့တော့ မိုးနည်းလာလေလေ နွေရာသီကို ရောက်လာလေလေ ရာခိုင်နှုန်း အများဆုံးပါတဲ့ ရေအားလျှပ်စစ်က မီးပေးနိုင်ဖို့ အဆင်မပြေတာပါ။ နောက်တစ်ချက်က သဘာဝဓာတ်ငွေ့အရည်ဝယ်ဖို့ ပိုက်ဆံ မရှိတော့တာကြောင့်လည်းပါ ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက လျှပ်စစ်မဂ္ဂဝပ် ၄၀၀၀ ဝန်းကျင်ထုတ်လုပ်ရခဲ့တယ်။ ဒီအာဏာသိမ်းကာလမှာတော့ အမြင့်ဆုံးဝန်အား မဂ္ဂါဝပ် ၂၀၀၀လောက် အထိပဲရတော့တယ်။ အဲ့ဒါကြောင့်မီး အရမ်းပျက်တာပါ။ ” ဟု Blood Money Campaign မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခု ရှိသည့်အနက် ရတနာစီမံကိန်းမှ ထွက်ရှိသော ဓာတ်ငွေ့ရာခိုင်နှုန်း အနည်းငယ်ကိုသာ ရန်ကုန်မြို့ တစ်ဝက်ခန့် လျှပ်စစ်မီး ပေးဝေရေး အတွက် အသုံးပြုနေပြီး ကျန်စီမံကိန်းများမှ ထွက်ရှိသော ဓာတ်ငွေများကို ထိုင်းနှင့်တရုတ် နိုင်ငံများသို့ တင်ပို့ ရောင်းချ နေကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးရရှိရေး ဓာတ်ငွေ့ အသုံးပြုမှု နည်းပါးသဖြင့် လျှပ်စစ်မီးထုတ်လုပ်မှု နည်းပါးစွာ ရရှိခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး ရရှိနေတာက MOGEကနေ ရနေတဲ့ ရတဲ့ပုံစံမျိုး စစ်ကောင်စီက ပြောကြတယ်။ တကယ်က လျှပ်စစ်မီး ရတာက MOGEနဲ့ လုံးဝနီးပါး မဆိုင်သလောက်ပါပဲ။ ဘာလို့လဲ ဆိုတော့ ရတနာစီမံကိန်း တစ်ခုတည်းကပဲ ရာခိုင်နှုန်း နည်းနည်းလေးပဲ ရန်ကုန်ကို ခွဲပေးတာပါ။ ဒါတောင်ရန်ကုန်ရဲ့ တစ်ဝက်ကိုပဲ မီးပေးတာပါ။ ကျန်တဲ့ စီမံကိန်း ၃ခု နဲ့ ရတနာစီမံကိန်းရဲ့ ဓာတ်ငွေ့ ထွက်သမျှ ရာခိုင်နှုန်း အကုန်လုံး နီးပါကို တရုတ်နဲ့ ထိုင်းနိုင်ငံ ကိုရောင်းစားပြီး ရသမျှအကုန် လက်နက်ဝယ်နေတာပါ။” ဟု Blood Money Campaign မှ တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် ကမ္ဘာ့ကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုကြာရှည်လာခြင်း၊ စွမ်းအင်ကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုများ အခြေအနေများအတွက် အခက်အခဲ စိန်ခေါ်မှုများစွာရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ယခုနှစ်ဧပြီလ ထုတ်ပြန်သည့် အစီရင်ခံစာတွင်‌ဖော်ပြထားသည်။

မြန်မာ့စွမ်းအင်ကဏ္ဍသည့် စစ်တပ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုကြီးမားခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာပြုပြင်ပြောင်းလဲခဲ့သည့် အခြေအနေကောင်းများ ပျက်စီးခဲ့ကြောင်း၊ မီတာခမဆောင်သည့်ဆန္ဒပြခြင်းနှင့်ဒေါ်လာဈေးမြင့်တက်လာခြင်းက စွမ်းအင်ကဏ္ဍကို သက်ရောက်မှုကြီးခဲ့ကြောင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း အတူလောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ကုန်ဈေးနှုန်းကိုလည်း မြင့်တက်စေကြောင်း၊ စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အားပေးနိုင်သောနှုန်းသည် ၂၀၂၁ ဒီဇင်ဘာလတွင် အဆိုးဆုံးအခြေအနေကို စတင်ကြောင်း၊ ၂၀၂၂ ဇန်နဝါရီလတွင် တရက်လျှင် လေးနာရီနှင့် ဖေဖော်ဝါရီနှင့်မတ်လတွင် တရက်ကို ၅နာရီအထိသာ လျှပ်စစ်မီးပေးနိုင်တော့ကြောင်း၊ မီးအများဆုံးပေးနိုင်သည့် ရက်သည် ၁၃ နာရီအထိသာ ရှိတော့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာလည်း ၃၀ ရာခိုင်နှုန်းထိုးကျသွားပြီး ယခင်က မဂ္ဂါဝပ် ၃၇၁၁ ထုတ်လုပ်နိုင်ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ မတ် ၇ရက်တွင် မဂ္ဂါဝပ် ၂၆၆၅သာထုတ်လုပ်နိုင်တော့ကြောင်း၊ နိုင်ငံအတွင်းထပ်မံရင်းနှီးမြှပ်နှံမည့်လျှပ်စစ်အားထုတ်ရေးစီမံကိန်းများအတွက်လည်း ကြီးမားသည့် စိန်ခေါ်မူများဖြစ်စေသည်ဟုလည်း ကမ္ဘာဘဏ်ကသုံးသပ်ထားသည်။

“စွမ်းအင်ကဏ္ဍအတွက် အန္တရာယ်များ မြင့်မားနေဆဲဖြစ်သည်။ အနီးစပ်ဆုံးကာလအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုသည် အနာဂတ်စီးပွားရေး လည်ပတ်မှုနှင့် ငွေကြေးကဏ္ဍကို မတည်ငြိမ်မှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ အလား အလာနှင့် ဘဏ္ဍာရေးရေရှည်တည်တံ့မှုကို ထိခိုက်စေပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု မသေချာ မရေရာမှုများနှင့် ပိုမိုဆိုးရွားလာသော ရင်းနှီးမြှုပ်နှံမှုအခြေအနေများကြားတွင် ကျဆင်းသွားပြီး စိန်ခေါ်မှု အန္တရာယ်များရှိနေပြီဖြစ်သည်” ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ထောက်ပြထားသည်။

ဓာတ်ပုံ- စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

Photo- Getty Image။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article