25 C
Yangon

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် အချိန်အခါကောင်းမဟုတ်ဟု KNPP ထုတ်ပြန်၊ ပြည်သူလူထုနှင့်အတူ ရပ်တည်မည်ဟု CNF စာထုတ်၊ KNU လည်း တက်မည်မဟုတ်

Must read

ရန်ကုန်၊ မေ ၆

မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ၎င်း၏ ဝါဒဖြန့်မီဒီယာများမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုသည် တနိုင်ငံလုံးလွှမ်းခြုံသည့် ဆွေးနွေးမှုမဖြစ်သကဲ့သို့ တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်အခါကောင်းမဟုတ်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ထုတ်ပြန်သည်။

အလားတူ ချင်းအမျိုးသားတပ်ဦး CNF ကလည်း ပြည်ထောင်စု၏ ပြဿနာကို ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်လိုအပ်ကြောင်း၊ ချင်းအမျိုးသားတပ်ဦး အနေဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ မေလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက KNU အနေဖြင့် သဘောထားပြောင်းလဲခြင်းမရှိဘဲ ယခင်ရပ်တည်ချက်အတိုင်း စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို တက်ရောက်မည်မဟုတ်ကြောင်း လူထုနွေဦးသတင်းဌာနသို့ ပြောဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ ထုတ်ပြန်ချက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် စစ်ကောင်စီက စိတ်ရင်းစေတနာအမှန်ဖြင့် အင်အားစုအားလုံးကို ဖိတ်ခေါ်မှသာ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေသည့် နိုင်ငံရေးအကြပ်အတည်းအတွက် လမ်းပွင့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

လက်ရှိ စစ်တပ်၏ ဒေသအသီးသီးသို့ ထိုးစစ်ဆင်နေမှုများအား ချွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ရန်နှင့် စစ်အင်အား ဖြည့်တင်းနေမှုများကို ချက်ချင်းရုပ်သိမ်းရန်၊ စစ်ဘေးရှောင်ပြည်သူများကို ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအကူအညီပံ့ပိုးမှုများကို ဆောင်ရွက်နေသော အဖွဲ့အစည်းများအား တရားဝင် လွတ်လပ်စွာ ပံ့ပိုးကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုရန် စသည့်အချက် ၂ ချက်ကို တောင်းဆိုထားသည်။

ချင်းအမျိးသားတပ်ဦး CNF က ပြည်ထောင်စု၏ ပြဿနာကို ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ယမန်နေ့က တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကလည်း ယနေ့ မေလ ၆ ရက်နှင့် ၇ ရက်တွင် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို အဖွဲ့အတွင်း အကျေအလည်ဆွေးနွေးနေကြောင်းနှင့် အစည်းအဝေးကို မေလ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြောက်ပိုင်း ညီနောင်သုံးဖွဲ့ဖြစ်သည့် ရခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့် MNDAA တပ်ဖွဲ့များက ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို မတက်ရောက်ဟု သတင်းများထွက်ပေါ်နေပြီး အဆိုပါ အဖွဲ့များက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article