35 C
Yangon

ယင်းမာပင်၊ လည်ငေါက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ပြီး ပြည်သူ ၁ ဦးကို သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်၊ အခြား ၃ ဦးကို ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့၊ ဘုန်းကြီးကျောင်းပိုင် ကား ၃ စီးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ နေအိမ်များကို မီးတင်ရှို့ ဖျက်ဆီးပြီး ပြည်သူ ၁ ဦး ဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်သတ်သွားသလို အခြားပြည်သူ ၃ ဦးကို ခြေ၊ လက်များကို ကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ် မီးတင်ရှို့သွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၂၇ ရက် ညနေ ၄ နာရီတွင် လည်ငေါက်ကျေးရွာသို့ စတင်ဝင်ရောက်တပ်စွဲပြီး မေလ ၂၈ ရက် နံနက် အစောပိုင်းမှ စတင်ကာ အများပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူကာ မီးတင်ရှို့ခဲ့ခြင်းကြောင့် နေအိမ် ၅၀ ဝန်းကျင် မီးလောင် ပြာကျခဲ့သည်ဟု ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

မေလ ၂၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် လည်ငေါက်ရွာကို နံနက်အစောပိုင်းနှင့် နေ့လယ်ပိုင်းတွင် ၂ ကြိမ် မီးရှို့ပြီး မီးရှို့သတ်ခံထားရသည့် ပြည်သူများမှာ မည်သူများဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ ရွှေစေတီ ဘုန်းကြီးကျောင်းမှ မော်တော်ယာဉ် ၂ စီးနှင့် ရွှေဆံပင် ဘုန်းကြီးကျောင်းမှ Express ယာဉ် ၁ စီးတို့ကိုလည်း အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့များက လည်ငေါက်ရွာအတွင်း မီးတင်ရှို့နေစဉ် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကာ ဒေသခံများအနေဖြင့် ဝင်ရောက် မီးငြှိမ်းသတ်၍ မရခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများကို ဖြတ်တောက်ကာ ၎င်းတို့၏ ရွာလုံးကျွတ်မီးတင်ရှို့ခြင်းများ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများကို သတင်းအမှောင်ချထားသည်။

ဓါတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article