34 C
Yangon

NUG နှင့် AA တို့ မကြာခင်ရက်ပိုင်းတွင် တွေ့ဆုံရန် မျှော်လင့်ဟု ကာကွယ်ရေးဝန်ကြီးပြောဆို၊ ပြည်သူ့တွန်းလှန်ခုခံစစ် ၈ လနီးပါး ကာလတွင် စစ်ကောင်စီ တပ်အင်အား ချိနဲ့လာပြီး မင်းအောင်လှိုင် ထွက်ပေါက်ရှာနေဟု ဆို

Must read

ရန်ကုန်၊ မေ ၅


အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ရခိုင့်တပ်တော် AA တို့ မကြာခင်ရက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

တွေ့ဆုံဆွေးနွေးရန် NUG ၏ ကမ်းလှမ်းထားချက်အပေါ် AA က မည်သို့အကြောင်း ပြန်ပါသနည်းဆိုသော မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ရန်ကုန်ခေတ်သစ်သို့ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီတွေ့ဆုံမှုဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်၊ အပြန်အလှန်နားလည်မှု ရယူနိုင်ရေးကတော့ ဒီတွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ တွေ့ဆုံမှုက ၂ ပိုင်း ဖြစ်လိမ့်မယ်၊ ပထမပိုင်းက နိုင်ငံရေးအရေ အမြင်ဖလှယ်မှု ဖြစ်လိမ့်မယ်။ နိုင်ငံရေးအရ အပြန်အလှန် နား လည်နိုင်ဖို့အတွက် ကြိုးစားဖို့၊ တဖက်မှာကတော့ စစ်ရေးအရ၊ ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းမျိုး ရှာဖွေဖို့ကတော့ ဒုတိယ အကြောင်းအရာပေါ့၊ ဒီ ၂ ချက်ကို ဆွေးနွေးဖြစ်လိမ့်မယ်လို့ ပြောလိုပါတယ်။” ဟု ဦးရည်မွန်က ပြောဆိုသည်။

NUG အနေဖြင့် UWSA အဖွဲ့အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှု ရယူနိုင်ရန် အနိမ့်ဆုံးအနေဖြင့် မျှော်လင့်ထားကြောင်းလည်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးတွဲကာ စစ်ကောင်စီကို တိုက်ခိုက်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ရှိသလို PDF များကို လက်နက်ထောက်ပံ့ခြင်း၊ စစ်ရေးလေ့ကျင့်ပေးမှုများ ပေးနေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များလည်း ရှိကြောင်း ဦးရည်မွန်ကဆိုသည်။

မြန်မာနိုင်ငံ အနောက်ခြမ်းတွင်ရှိနေသော PRA မကွေး၊ ကျောင်းသားလက်ရုံးတပ်တော် SAF တို့နှင့်လည်း ညှိနှိုင်းထားမှုများရှိကြောင်း၊ မဟာမိတ်တိုင်း ရင်းသားအဖွဲ့များ၏ Chain of Command အောက်တွင် ရှိနေသော တော်လှန်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်နိုင်မည်ဟု ဦးရည်မွန်က ပြောဆိုသည်။

“PRA မကွေး (People’s Revolution Alliance)နဲ့ SAF လို့ခေါ်တဲ့ Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် အဖွဲ့တွေက AA ကနေပြီးတော့ တစုံတရာ ကူညီတဲ့ ကာကွယ်ရေးအဖွဲ့တွေဖြစ်တယ်လို့ နားလည်ပါတယ်။ အဲဒီ ၂ ဖွဲ့လုံးနဲ့လည်း MOD (ကာကွယ်ရေးဝန်ကြီးဌာန) နဲ့ တွေ့ဆုံပြီးပါပြီ။ ကျနော်နဲ့ကတော့ ကျောင်းသားလက်ရုံးတပ်တော်နဲ့ တွေ့ဆုံပြီးပြီ၊ တွေ့ဆုံပြီးတဲ့အခါမှာ ရှေ့မှာ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ပြင်ဆင်ညှိနှိုင်းနေတာတွေ ရှိနေပါပြီ။” ဟု ဦးရည်မွန်ကဆိုသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် ရှိနေသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်နေသည်ကို ရန်ကုန်ခေတ်သစ်က မေးမြန်းရာ ဦးရည်မွန်က ယခုလို ပြောဆိုသည်။

“ဒီကိစ္စကလည်း အဆင်ပြေတယ်လို့ နားလည်ပါတယ်၊ ကျနော်တို့နဲ့ မဟာမိတ်နဲ့ ညှိနှိုင်းမှုမှာ လက်နက်ကိုင်အဖွဲ့ ၁ ခုဟာ MOD ရဲ့ Chain of Command မှာ ရှိချင်ရှိမယ်၊ မဟာမိတ်ရဲ့ Chain of Command မှာ ရှိရင် ရှိရမယ်ပေါ့။ ကျနော်တို့ MOD PDF နဲ့ မဟာမိတ်တွေနဲ့ တခါပြန်ပြီးတော့ အတူတကွ ပူးပေါင်းပြီးတော့ Chain of Command တခုတည်းနဲ့ အလုပ်လုပ်ကြဖို့ ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် BPLA ဆိုရင်လည်း သိရသလောက် မဟာမိတ်ရဲ့ Chain of Command မှာ ရှိတယ်၊ မဟာမိတ်နဲ့ MOD PDF ကလည်း လက်တွဲ ပူးပေါင်းအလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် ဒါက ပြဿနာမရှိဘူး၊ အဆင်ပြေတဲ့ ပူးပေါင်းဆောင်ရွက်မှုတခုကို လုပ်နိုင်လိမ့်မယ်၊ လက်တွေ့မှာလည်း KNU တပ်မဟာ ၅ ဂွင် ဆိုရင် မဟာမိတ်ရော၊ BPLA ရော၊ PDF များရော အတူတကွ လက်တွဲပြီးတော့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီးက ရှင်းပြသည်။

အလားတူ မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို မြို့နယ် ၃၆ ခုတွင်ဖွဲ့စည်းထားနိုင်ကြောင်းနှင့် စစ်ကောင်စီတပ်များ ဝင်ထွက်သွားလာခွင့်မရနိုင်ရန် အလုံးစုံ ထိန်းချုပ်ဟန့်တားနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“လွတ်မြောက်နယ်မြေဆိုတာ ကျနော်တို့ နားလည်တာက နံပါတ် ၁ အချက်၊ ကိုယ့်ဘက်ကနေပြီးတော့ စစ်ရေးအရ ကောင်းကောင်း ထိန်းချုပ်စိုးမိုးနိုင်ရမယ်။ အထူးသဖြင့် အရေးကြီးတဲ့ လမ်းမကြီးတွေ၊ ဝင်ပေါက်တွေ ဒါတွေကို ကောင်းကောင်းစိုးမိုးထားနိုင်တဲ့ ဒေသဖြစ်ရမယ်။ နံပါတ် ၂ အချက်ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ဖြိုဖျက်ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ဒါကိုလည်း တည်ဆောက်နိုင်ရမယ်။ ဆိုတော့ လွတ်မြောက်နယ်မြေလို့ ပြောမယ်ဆိုရင် ဒီအင်္ဂါရပ် ၂ ခု ပြည့်စုံဖို့ လိုအပ်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်။

အခုဆိုရင် စစ်ရေးအရ ကျနော်တို့ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေ ရှိနေပြီ ဖြစ်သလို တဖက်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထူထောင်ပြီး လုပ်ငန်းလုပ်ဆောင်နေတဲ့ ဒေသတွေ ရှိလာပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာဆိုရင် ၃၆ မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားနိုင်ပြီ။ အလုံးစုံ စစ်ကောင်စီက ဝင်ထွက်လို့ မရအောင် ဟန့်တားထားနိုင်တဲ့ အခြေအနေတော့ မရောက်သေးဘူး။ သို့သော် အဓိကကျတဲ့ အုပ်ချုပ်ရေးအရ စစ်ရေးအရ ကိုယ့်ဘက်က လွှမ်းမိုးထိန်းချုပ်မှုကတော့ အတိုင်းအတာတခုအထိ ရှိနေပါတယ်။

တဖက်မှာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေဆိုတာကလည်း အစဉ်အဆက်ကတည်းက ရှိခဲ့တယ်။ အဲဒီတော့ မဟာမိတ် ERO တွေ ထိန်းချုပ်တဲ့ နယ်မြေတွေရှိမယ်၊ PDF ထိန်းချုပ်တဲ့ နယ်မြေတွေ ရှိမယ်။ ဒီ ၂ ရပ်ကို ပေါင်းမယ်ဆိုရင် စစ်ကောင်စီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လောက်ပဲ ထိန်းချုပ်နိုင်တော့လဲဆိုတာ ကျနော်တို့ ခန့်မှန်းတွက်ဆကြည့်လို့ရပါတယ်။” ဟု ဦးရည်မွန်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသော စစ်ကိုင်းနှင့် မကွေးတွင် အတိုင်း အတာတခုအထိ နယ်မြေစိုးမိုးထားနိုင်သော ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးဗျူဟာများကွပ်ကဲဆောင်ရွက်နေကြောင်း၊ Chain of Command ကို တည်ဆောက်ပြီး ဗျူဟာမြောက် အစီအစဉ်များ လက်တွေ့ဖော်ဆောင်သွားရန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တည်ထောင်ခြင်း တနှစ်ပြည့်ချိန်နှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ၈ လ ကြာမြင့်လာချိန်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်သားပြုန်းတီးမှု များလာပြီး တပ်အင်အား ချိနဲ့လာမှုကြောင့် စစ်ခေါင်းဆာင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် ထွက်ပေါက်ရှာခြင်း၊ ဆုတ်လမ်းရှာခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဦးရည်မွန်က ပြောဆိုသည်။

“မေလ ၅ ရက်ဆိုရင် PDF တည်ထောင်တာ ၁ နှစ်ပြည့်ပြီ၊ မကြာခင် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွှဲလာတာ ၈ လပြည့်တော့မယ်။ အခုအချိန်ဆိုရင် နေပြည် တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေနတ် မပေါက်တဲ့နေရာမရှိတော့ဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသအနှံ့အပြားမှာ တပြိုင်တည်း ဆင်နွှဲတဲ့ စစ်ပွဲဆိုတာ စစ်ကောင်စီ တခါမှ မတိုက်ဖူးဘူး။ ဒါက ကျနော်တို့ရဲ့ မဟာဗျူဟာအရ အားသာချက်၊ မဟာဗျူဟာအရ အသာစီးရမှုလို့ ရှုမြင်တယ်။ စစ်ကောင်စီကိုယ်တိုင်လည်း မဟာဗျူဟာပိုင်းမှာ သူတို့ အရေးနိမ့်နေပြီဆိုတာ ကောင်းကောင်းသိတယ်။

အဲဒီအတွက် ထွက်ပေါက်အမျိုုးမျိုးရှာနေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း EAO တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် ထွက်ပြီးတော့ ဖိတ်ခေါ်တာမျိုးတွေ တွေ့ရတယ်။ အခုလို အပူတပြင်း ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်၊ သူကိုယ်တိုင် တွေ့ပါမယ်လို့ ပြောတဲ့စကားတွေက သူ့အတွက် ထွက်ပေါက်ရှာဖို့ ဆုတ်လမ်းရှာဖို့ကလွဲလို့ တခြားအကြောင်းမရှိဘူးလို့ ရှုမြင်ပါတယ်။” ဟု ဦးရည်မွန်က ပြောဆိုသည်။

ဓာတ်ပုံ – လွတ်မြောက်နယ်မြေ ရှေ့တန်းစခန်း တခုတွင် တွေ့ရသော NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article