33 C
Yangon

အဆိုးရွားဆုံးသော ရက်စက်ယုတ်မာမှုများကို ဆန့်ကျင်တော်လှန်နေသူများ သိုမဟုတ် နှလုံးသားဖြင့် စစ်တိုက်နေကြသူများ

Must read

By မောင်း


“လူ ၂၆ယောက် သတ်ခဲ့တယ်” ဆိုသော လူသုံးဦးသာ ပါဝင်သည့် စကားဝိုင်းတခုက ဟိုးလေးတကျော် ဖြစ်သွားသည်။ လူသတ်ရာတွင် မည်သူမည်မျှ ပိုလက်စောင်းထက်ကြောင်း အချင်းချင်း ကြွားလုံးထုတ်နေသော စကားဝိုင်းမှ ဇာတ်ကောင်များမှာ စစ်ကောင်စီ လက်ပါးစေ မိစ္ဆာများပင် ဖြစ်သည်။

“၂၆ ယောက်သတ်ခဲ့တာ သေနတ်နဲ့ပဲလား၊ ကျွန်တော်တို့က လည်ပါ လှီးတာ”ဟု စစ်မိစ္ဆာတဦးက ရယ်သွမ်းရင်း ပြောသည်။

တပ်ကြပ်အဆင့်ရှိ စစ်ယူနီဖောင်း အကျီဝတ်ဆင်ထားသူကလည်း “ငါဖမ်းတဲ့ကောင်ကို ငါ သတ်တာ၊ အဲ့ဒါကို ဆာဂျင်ကြီးတဲ့ သုံးပိုင်းလောက်ပိုင်းပြီး မြှုပ်ခဲ့ပါဦးတဲ့” ဟုဆိုပြန်သည်။ သူသတ်ဖြတ်ခဲ့သော လူ့ခန္ဓာ ကိုယ်ရုပ်အလောင်းကို ခုတ်ပိုင်း၍ မြေမြှုပ်ခဲ့ပုံကိုလည်း သူကအသေးစိတ် ပြန်ပြောင်း ဖောက်သည်ချနေသေးသည်။

ကြားရသူတွေအဖို့ စိတ်နှလုံး တုန်လှုပ်ချောက်ခြား ရသလောက် ပြောနေသူတွေက ထမင်းစား ရေသောက်ကိစ္စလောက်သာ သဘောထားပုံရ၏။ တသက်နှင့်တကိုယ် မကြားဖူး မမြင်ဖူးခဲ့သည့် ရက်စက်ယုတ်မာလှသည့် အဖြစ်မျိုး..။ စစ်မိစ္တာတို့၏ လူမဆန်သော လုပ်ရပ်များအကြောင်း မှတ်တမ်းတစွန်းတစ..။

အပျော်သဘော မှတ်တမ်းတင်နေခြင်း ဖြစ်သည့်တိုင် လက်ကိုင်ဖုန်းဖြင့် ရိုက်ကူး မှတ်တမ်းတင်နေသည့် အခိုက်အတန့်မှာပင် ဤသို့ဖြစ်ပေရာ မည်သည့် မှတ်တမ်းတင်မှုမှ ရှိမနေသည့် ဆိတ်ကွယ်ရာအရပ်ဆိုလျှင် မည်မျှအထိ ရက်စက်ယုတ်မာနေမည်ဖြစ်ကြောင်း တွေးတောရန်ပင် မတတ်နိုင်တော့ချေ..။

အနှီစကားဝိုင်းထဲမှ စကားလုံးများထက် ပိုမိုဆိုးရွားရက်စက်သော မတရားမှုများကို ကျူးလွန်နေမည်မှာတော့ အသေအချာ..။ လူအများကြား ဟိုးလေးတကျော် အံ့သြထိတ်လန့် တုန်လှုပ်ရသော အဆိုပါ စကားဝိုင်းကို မြင်တွေ့နားထောင်ရသည့်အခါ မည်သို့ ထင်မြင်ယူဆ ခံစားရသလဲဟု ထိုသူတို့၏ မိသားစုဝင်များအား မေးမြန်းခွင့် ရချင်မိပါသည်။

စစ်ပွဲများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ နာကျည်းမှုများကြားက လူသားဆန်သော အခိုက်အတန့်များ..
============

ယခုသီတင်းပတ်ထဲမှာပင် လူသိများခဲ့သော နောက်ထပ် စကားဝိုင်းတခုကိုလည်း ဆက်လက် မှတ်တမ်းပြုလိုပါသည်။ လက်နှစ်ဖက် ရှေ့ချကာ ကြိုးဖြင့်တုပ်နှောင်ခံရထားပြီး စီတန်းမတ်တပ်ရပ်နေသည့် အမျိုးသားငါးဦးရှေ့တွင် စိတ်ဆိုးပြေပုံ မရသေးသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက လက်နောက်ပစ်လျက် ရန်တွေ့နေဟန် မြင်ကွင်းဖြစ်သည်။

အမျိုးသမီးက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ တာဝန်ရှိသူတဦးဖြစ်ပြီး အမျိုးသားများကမူ ဝေါလေရဲစခန်းသိမ်း တိုက်ပွဲ အတွင်း KNDO တပ်ဖွဲ့က ဖမ်းမိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။ လက်နောက်ပစ်ထားသော အမျိုးသမီးက ဖမ်းမိထားသော ရဲတပ်ဖွဲ့ဝင်များကို တခါတရံ ဆူပူအော်ငေါက်သော်လည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်လိုသည့် အမူအရာ မပြပေ။

“ကလေးတွေ ထမင်းထဲမှာ နင်တို့ လောက်ကောင်တွေတောင် ထည့်ကျွေးကြတယ်၊ ထမင်းထဲမှာ စတီးဖတ်တွေရော” ဟု သူမက မကျေမနပ်သံဖြင့် ပြောသည်။

“ငါတို့ရော နင်တို့ကို အဲ့လိုကျွေးရမလား၊ နင်တို့လုပ်တိုင်းသာ ငါတို့လုပ်နေရင် ဘယ်တော့မှ သံသရာ ပြီးနေမှာမဟုတ်ဘူး” ဟုလည်း သူမကပင် တဆက်တည်း ဆက်ပြောသေးသည်။

သူမရည်ညွှန်းသည့် ကလေးတွေဆိုသည်မှာ စစ်ကောင်စီက ဖမ်းဆီးကာ ဝေါလေရဲစခန်းအတွင်း ချုပ်နှောင်ထားသော PDF တပ်ဖွဲ့ဝင်များကို ဆိုလိုခြင်းဖြစ်သည်။ KNDO တပ်ဖွဲ့က ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေရဲစခန်းကို ယခုသီတင်းပတ်အတွင်း တိုက်ခိုက် သိမ်းယူခဲ့ရာ ရဲသုံးဦးသေဆုံးပြီး စခန်းအတွင်း ချုပ် နှောင်ခံထားသော pdf တပ်ဖွဲ့ဝင် ကိုးဦးကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၅ဦးကိုလည်း အရှင်ဖမ်းမိခဲ့ရာ ယခုမြင်ကွင်း၌ ဖော်ပြထားသည့် အမျိုး သားငါးဦးမှာ အဆိုပါ ရဲတပ်ဖွဲ့ဝင်များပင် ဖြစ်သည်။ စစ်သုံ့ပန်းဘဝရောက်နေသော ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ရှေ့မှ အမျိုးသမီး၏ စွပ်စွဲချက်များကို တချက်တချက် ဖြေရှင်းသေးသော်လည်း စကားတိုးပေါက်သည်အထိ ရဲရဲ တင်းတင်း တုံ့ပြန်ဖြေရှင်းနိုင်စွမ်း မရှိကြပေ။

အဆိုပါ မြင်ကွင်းမှတ်တမ်း၏ အဆုံးသတ်နားတွင်တော့ စောစောက ရန်တွေ့နေသော အမျိုးသမီးက သုံ့ပန်းတို့ဆီမှ အကြည့်ခွာကာ အောက်ပါအတိုင်းပြောလိုက်သည်

“အဲ့ဒီကလေး သေးသေးလေးက အဝတ်အစားတွေဘာတွေ မပါဘူးမို့လား၊ မပါရင် ခဏနေ တယောက်လိုက်ခဲ့”။ သည်တကြိမ် သူမဆိုလိုသည့် ကလေးသေးသေး လေးကတော့ သုံ့ပန်း ရဲတပ်ဖွဲ့ဝင်တို့၏ မိသားစုဝင် ကလေးငယ်ကို ဆိုလိုခြင်းပင်..။ ဤရုပ်သံဖိုင်အတွင်း ကလေးငယ်ကို မတွေ့ရသော်လည်း သုံ့ပန်းရဲတပ်ဖွဲ့ မိသားစုဝင်ဖြစ်ကြောင်း အတတ်သိနိုင်သည့် အကြောင်းပြချက် ရှိပါသည်။

ဝေါလေရဲစခန်းကို KNDO တပ်ဖွဲ့က သိမ်းပိုက်မှုမှတ်တမ်းများတွင် အဆိုပါကလေးငယ်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။ ရဲစခန်းကို သိမ်းပိုက်ပြီးနောက် ဆုတ်ခွာရာခရီးလမ်းတွင်လည်း KNDO တပ်ဖွဲ့ဝင်တဦး ကပင် ယင်းကလေးငယ်ကို ၎င်း၏မိခင်ထံမှ ကူညီချီပွေ့ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့်အတူ ကရင်နီပြည်တိုက်ပွဲတခုအတွင်း ဖမ်းမိထားသော စစ်ကောင်စီလက်ပါးစေ စစ်သုံ့ပန်းများကို ဆေးကုပေးနေသည့် ကရင်နီကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ မြင်ကွင်းကိုလည်း ပြန်လည်တွေးတော အမှတ်ရမိပြန်သည်။

သုံ့ပန်းဘဝ စစ်ကောင်စီ လက်ပါးစေ ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ဒေါနသားတို့လက်တွင် အသက်နှင့်ခန္ဓာ အိုးစားမကွဲကြပေ။ ၎င်းတို့ကျူးလွန်ခဲ့သော အပြစ်အတွက် အမျက်ဒေါသကို ရင်ဆိုင်ရသော်ငြား ကောင်းမွန်စွာ ဆက်လက် သက်ရှင်သန်ခွင့်ကိုမူ မတရား လုယူခြင်း မခံကြရပေ။

စစ်မိစ္ဆာတို့၏ အဆိုးဝါးဆုံးသော စစ်ရာဇဝတ်မှုများ
==========

သီတင်းပတ် တခုတည်းမှာပင် ဖြစ်ပွားခဲ့သော အညာလွင်ပြင်ဆီက နွေဦးဘက်တော်သား ငါးဦး ကတော့ ဆန့်ကျင်ဘက် အခြေအနေနှင့်သာ ကြုံခဲ့ကြရသည်။ ဆက်လက် ရှင်သန်ခွင့်ရဖို့ဝေးစွ နောက်ဆုံး ထွက်သက်ကိုပင် အေးချမ်းစွာ ဖြတ်သန်းခဲ့ရပုံ မပေါ်ပေ။

ထိုသူတို့မှာ ရေစကြိုမြောက်ပိုင်း ပြောက်ကျားအဖွဲ့ (N-YSO)ဝင် ငါးဦးဖြစ်သည်။ ဇွန် ၁၀ရက်က စစ်ကောင်စီလက်ပါးစေ အင်အား ၅၀ခန့်ပါ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူကို ဆေးကုရန် နေရာရွှေ့ပြောင်း သွားလာချိန်တွင် အဆိုပါ ငါးဦးဖမ်းဆီးခံရပြီးနောက် ဝိညဉ်မဲ့ ရုပ်အလောင်းများကိုသာ ပြန်လည်တူးဖော်ရရှိခဲ့၏။

အသက် ၅၂နှစ်အရွယ် CDM ကျောင်းအုပ်ဆရာနှင့် ကိုယ်ဝန်ငါးလခန့်ရှိနေသော CDM ကျောင်းဆရာမ တို့အပါအဝင် ငါးဦးကို စစ်ကောင်စီလက်ပါးစေတို့က ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည်။ တော်လှန်ရေး အဖွဲ့က ပြန်လည်တူးဖော်တွေ့ရှိသော ရုပ်အလောင်းများ၏ အခြေအနေအရ လက်ပြန်ကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း ကောက်ချက်ချကြသည်။

ထို့အပြင် ရုပ်အလောင်းများတွင် ခြေထောက်များ မရှိတော့ ဟုလည်းဆိုသည်။ အညာလွင်ပြင်၏ ငရဲခန်းပြကွက်များထဲက တခုတွင် အသုံးတော်ခံ ဖြစ်ခဲ့ရသော ဓမ္မဘက်တော်သားများ..။

စစ်ကောင်စီလက်ပါးစေ မိစ္ဆာကောင် စစ်ကြောင်းများ ဖြတ်သန်းရာ လမ်းတလျှောက်တွင်တော့ ထုံးစံအတိုင်း ရေးဖွဲ့မကုန်နိုင်သည့် အဆုံးစွန်သော ရက်စက်ယုတ်မာမှုများ၊ မီးလောင်ပြင်များကိုသာ တွေ့ရမြဲ..။

နှလုံးသားဖြင့် စစ်တိုက်ကြသူများ
================

….. မကုန်ဆုံးနိုင်တော့သည့် ဝမ်းနည်းနာကျင်ဖွယ် ပုံရိပ်များ၊ အကြောင်းအရာများ.. သစ်လွင်လတ်ဆတ်နေဆဲ ပုံရိပ်ဟောင်းများ၊ အကြောင်းအရာများဆီ လွင့်မျောနေသော အာရုံကို ပြန်လည် စုစည်းမိသည့်အခါ ရင်သည် တလှပ်လှပ်..။

ပုံရိပ်ဟောင်းတို့အတွက် နာကျင်ပူဆွေးရ၏။ ထို့နောက် လတ်တလော ပုံရိပ်နှင့် ယှဉ်တွဲနှိုင်းယှဉ်မိသည့်အခါ ဒေါသစိတ်ဆီသို့ ကူးပြောင်းရပြန်သည်။

စင်စစ် ကိုယ်တိုင်လက်နက်စွဲကိုင်ကာ မတရားမှုကို တော်လှန်နေသူများအဖို့ လက်နက်မကိုင်စွဲမီကရော လက်နက်ကိုင်ပြီးနောက်တွင်ပါ ဓမ္မနှင့် သွေဖယ်သော ဖြစ်ရပ်၊ အတွေ့အကြုံများနှင့် အနီးကပ်ဆုံး ရှိခဲ့ကြမည်သာ ဖြစ်သည်။

သို့တိုင်အောင် ဓမ္မဘက်တော်သားများဟု ကြွေးကြော်သည့်အတိုင်း တရားနည်းလမ်းတကျ ပြုမူကျင့် ကြံနေနိုင်သည်မှာ ရဲရင့်ကြီးမြတ်သော နှလုံးသားများကြောင့် ဟုသာဆိုချင်ပါသည်။ ရိုးတွင်းခြင်ဆီထဲအထိ ကိန်း အောင်းနေသော နာကျည်းမှုကို ချိုးနှိမ်၍ လူသားဆန်ပြဖို့ ဆိုသည်မှာ လွယ်ကူမည်မဟုတ်ပေ။

ယင်းသည် မတရားမှုကို တွန်းလှန်တိုက်ခိုက်နေရသော ဤတော်လှန်ရေး ခရီးကြမ်းအတွက် ခွန်အား တစ်ရပ်အဖြစ်လည်း အထောက်အပံ့ ပြုနေပါလိမ့်မည်။

နွေဦးတော်လှန်ရေး၏ အန္တိမ ရည်မှန်းချက်သည် မတရားမှုကို တွန်းလှန်၍ ညီညွတ်မျှတသည့် လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ပေါက်လာရေးဖြစ်ပြီး ကလဲ့စား တည်းဟူသော အမုန်းသံသရာ တော်လှန်ရေး မဟုတ်သည်ကို သတိချပ်ရန် လိုအပ်မည် ဖြစ်သည်။

စင်စစ် အကြမ်းဖက် စစ်မိစ္ဆာတို့၏ ဗိုလ်ကျ အနိုင်ကျင့် ရက်စက်မှုမှန်သမျှကို မေ့ဖျောက်ကာ ခွင့်လွှတ်သည်းခံပေးရန် ဆိုသည်ကား မဖြစ်နိုင်ပေ။ ဆက်လက်၍ ဆန့်ကျင်တော်လှန် တိုက်ခိုက်နေကြရဦးမည်သာ….။ အထူးသဖြင့် အကြမ်းဖက် ဖက်စစ်မိစ္ဆာများ အမြစ်ပြတ်သည်အထိ တော်လှန်နေရဦးမည်သာ…။

ထို့အတူ တချိန်တည်းမှာပင် နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်နှင့် ဓမ္မလမ်းစဉ်ကိုလည်း လိုက်နာကျင့်သုံး၊ အားပေးထောက်ခံ ကြရမည်သာ ဖြစ်သည်။

ဓမ္မလမ်းစဉ်၏ အခြားတဖက်မှာတော့ ဖက်စစ် စစ်ခေါင်းဆောင်များနှင့် သူတို့၏နောက်လိုက်များက ၎င်းတို့၏ အတ္တနှင့်အကျိုးစီးပွားအတွက် တိုင်းပြည်နှင့်လူထုကို ရက်ရက်စက်စက် ချနင်းခဲ့သလို၊ ဆက်လက်၍လည်း မိုက်တွင်းနက်နေဆဲ..။

ထို့ကြောင့် နွေဦးတော်လှန်ရေးသည် ဤခရီး နီးသလား ဟု မေးခွန်းထုတ်ရမည့် အရေးအရာမျိုး မဟုတ်။ စွန့်လွှတ်ပေးဆပ်မှုများကို ကဗ္ဗည်းထိုး၊ နာကျည်းမှုကို ချိုးနိုမ်၊ မိမိတို့၏ လူသားဆန်မှုကို မှတ်တမ်းတင်ရင်း စစ်မိစ္ဆာတို့ကို အလဲထိုးနိုင်သည်အထိ ခရီး ဆက်ကြရမည်သာ…

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article