34 C
Yangon

ရဲတံခွန် သဘာဝဓါတ်ငွေ့စီမံကိန်းမှ ရေနံကုမ္ပဏီများ တာဝန်မဲ့ထွက်ခွာသွား၊ Gulf Petroleum Myanmar ကိုလုပ်ငန်းရှင်သစ်အဖြစ် အကြမ်းဖက်စစ်ကောင်စီ ခန့်အပ် 

Must read

ရန်ကုန်၊ ဇွန် ၂၉

မြန်မာစစ်ကောင်စီဟာ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို တာဝန်ယူ ကြီးကြပ်လုပ်ကိုင်မယ့် ကုမ္ပဏီအဖြစ် Gulf Petroleum Myanmar (GPM) ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရှိရကြောင်း Justice For Myanmar ကထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ 

Petronas နဲ့ မိတ်ဖက်တွေရဲ့ ခုလိုတာဝန်မဲ့ ရုပ်သိမ်းထွက်ခွာတဲ့လုပ်ရပ်က အကြမ်းဖက် မြန်မာစစ်အုပ်စုအတွက်အခွန်ဝင်ငွေရင်းမြစ် ဆက်လက် ပေးအပ်နေရာရောက်ပြီး၊ မကြာခင် ကုန်ခမ်းတော့မယ့် ဒီဓါတ်ငွေ့တွင်းကို ပိတ်သိမ်းတဲ့အခါ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်လို့JFM က ဆိုပါတယ်။

PTTEP နဲ့ ENEOS တို့ ပေါင်းထားတဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Nippon Oil Exploration (Myanmar) နဲ့ မိတ်ဖက်သဘောတူညီချက် တစ်ရပ်အရ Petronas ဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ လက်ရှိကြီးကြပ် လုပ်ကိုင်ရတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဒီစီမံကိန်းကနေ တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်ပေးကြဖို့Friends of the Earth Japan, Justice For Myanmar နဲ့ Mekong Watch တို့က အကြိမ်ကြိမ် တောင်းဆိုတိုက်တွန်းခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်တယ်ဆိုတာမှာ အကြမ်းဖက် မြန်မာစစ်အုပ်စုဆီကို အခွန်ဝင်ငွေတွေ အနာဂတ်မှာမစီးဆင်းအောင် သေသေချာချာစီစဉ်ဖို့နဲ့ လက်ရှိ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကိုရှောင်ရှားနိုင်မယ့် နည်းလမ်းတွေနဲ့ ဓါတ်ငွေ့တွင်းကို ပိတ်သိမ်းဖို့ သင့်လျော်တဲ့ နည်းလမ်းအဆင့်ဆင့်နဲ့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တစိုက်မတ်မတ် တောင်းဆိုမှုတွေကိုလည်း လျစ်လျူရှုခဲ့ကြပြီး ဒီနေ့အချိန်အထိ ဥရောပသမဂ္ဂ တဖွဲ့တည်းကသာ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ် လို့လည်း ဆိုပါတယ်။

Gulf Petroleum Myanmar (GPM) က ဘယ်သူလဲ?

=============

GPM ကုမ္ပဏီဆိုတာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာရဲ့ စီးပွားရေးလုပ်ငန်း ဒါရိုက်တာအဖွဲ့မှာအုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပုဂ္ဂလိက ရေနံနဲ့ဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ 

အဆိုပါ ကုမ္ပဏီဟာ စင်ကာပူနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့မှာ စီးပွါးရေးလုပ်ငန်းတွေရှိတဲ့ Northern Gulf Petroleum group ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။

ယမ်ဘန်ရွန်းရဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ စီးပွါးရေးဆက်နွယ်မှုဟာ ၁၉၉၅ ခုနှစ် အစောပိုင်းကာလMyanmar Yellow Pages ထုတ်လုပ်ဖို့အတွက် မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့စာတိုက်နဲ့ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းက ဆယ်နှစ်လိုင်စင်တစ်ခု ရခဲ့တာက စတင်ခဲ့တာပါ။ 

GPM ဟာ ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum ကုမ္ပဏီအုပ်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး GPM ရဲ့ဝဘ်ဆိုဒ် မှာဖော်ပြထားချက်အရ Northern Gulf Petroleum ကုမ္ပဏီအုပ်စုကို ဘာမြူဒါမှာ မှတ်ပုံတင်ထားတဲ့ဟန်ပြကုမ္ပဏီတွေကတဆင့် ဖွဲ့စည်းထားတာဖြစ်ပြီး စင်ကာပူနိုင်ငံမှာလည်း ဦးပိုင်ကုမ္ပဏီတစ်ခု ရှိပါတယ်။ 

ချတ်ချိုင်းယမ်ဘန်ရွန်း နဲ့ Northern Gulf Petroleum တို့ဟာ British Virgin Islands မှာလည်း နိုင်ငံခြားမှတ်ပုံတင်ကုမ္ပဏီတွေကို တည်ထောင်ထားကြောင်း နိုင်ငံတကာ စုံစမ်းထောက်လှမ်း သတင်းသမားညွှန့်ပေါင်းအဖွဲ့အစည်း(International Consortium of Investigative Journalists) ရဲ့ နိုင်ငံခြား မှတ်ပုံတင်ကုမ္ပဏီများဆိုင်ရာ လျှို့ဝှက်ပေါက်ကြားချက်တွေအရ သိရပါတယ်။

ဘာမြူဒါ၊ British Virgin Islands နဲ့ စင်ကာပူနိုင်ငံတို့ဟာ စီးပွားရေးလုပ်ငန်းကြီးတွေအပေါ် အခွန်ငွေ ရှောင်လိုသူတွေအတွက် နတ်ပြည်တွေ ဖြစ်ကြတယ်လို့ Justice For Myanmar က ဆိုပါတယ်။

Northern Gulf Petroleum ကို ၂၀၀၄ ခုနှစ် သက်ဆင်အစိုးရလက်ထက် ၁၉ ကြိမ်မြောက် ရေနံတူးဖော် ထုတ်လုပ်ခွင့်မှာ လေလံဝင်ပြိုင်ဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ ကုမ္ပဏီဟာ အရည်အချင်းသတ်မှတ်ချက် ပြည့်မီခြင်းမရှိပေမဲ့ ရေနံတူးဖော်ထုတ်လုပ်ခွင့်ကို ရရှိခဲ့ပြီး၊၂၀၀၆ ခုနှစ် သက်ဆင်ကို ဖြုတ်ချခဲ့တဲ့ ထိုင်းစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း လုပ်ပိုင်ခွင့်တွေ ပေးအပ်ခံခဲ့ရသလို ယမ်ဘန်ရွန်းဟာ ကနေဒါနဲ့ ဩစတြေးလျမှာရှိတဲ့ ရေနံနဲ့သတ္တု တူးဖော်ရေးလုပ်ငန်း ကုမ္ပဏီတွေမှာလည်းရင်းနှီးမြှုပ်နှံထားပါတယ်။

GPM ရဲ့ ဥက္ကဌ က SMART Group of Companies ရဲ့ ဒါရိုက်တာနဲ့ ဥက္ကဌဖြစ်တဲ့ ကျော်ကျော်လှိုင် ဖြစ်ပါတယ်။အဆိုပါကုမ္ပဏီကို ၁၉၉၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အရင်အာဏာရှင်လက်ထက် စစ်တပ်ထိန်းချုပ်ထားတဲ့ ရေနံလုပ်ငန်းကို ဝန်ဆောင်မှုပေးဖို့အတွက် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး GPM ရဲ့ ဒုတိယ ဒါရိုက်တာက SMART Group of Companies ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဇာနည်ဆွေ ဖြစ်ပါတယ်။

GPM ဒါရိုက်တာဖြစ်တဲ့ နီလွင်စိုးဟာလည်း Thaisat Global’s Myanmar unit၊ Northern Gulf Petroleum Myanmar Limitedနဲ့ Myanmar Gulf LNG Company Limited တို့အပါအဝင် ယမ်ဘွန်ရွန်းရဲ့ ကုမ္ပဏီအမြောက်အမြားမှာ ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားတာပါ။ 

တရားမဝင် စစ်ကောင်စီက Petronas ကုမ္ပဏီရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ရဲတံခွန်စီမံကိန်းမှာ ကြီးကြပ် လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေနဲ့ ရှယ်ယာရှင်တွေကို မေလ ၂၀ ရက်မှာ နောက်ဆုံးထားပြီး လေလံဖိတ်ခေါ်တဲ့ ကြေညာချက် တစ်စောင်ကို အခုနှစ်ရဲ့ မေလ ၁၄ ရက်နေ့မှာ တက်သုတ်ရိုက် ထုတ်ပြန်ခဲ့ပါတယ်။

အခြားလေလံဝင်ပြိုင်တဲ့ သူတွေထဲမှာ ခရိုနီကုမ္ပဏီ ရွှေဗျိုင်းဖြူအုပ်စုနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတစ်ခုလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် GPM ဟာ မေ ၃၁ ရက်နေ့ ကတည်းက စီမံကိန်းကို လွှဲပြောင်းရယူခဲ့တယ်လို့ အဆိုပါနယ်ပယ်က သတင်းရင်းမြစ်တစ်ရပ်က Justice For Myanmar ကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Petronas အနေနဲ့ ၎င်းရဲ့ Acid Gas Removal Unit (AGRU) စီမံကိန်းပြီးစီးတာနဲ့ GPM ကို အပြီးသတ် လွှဲပြောင်ပေးအပ်ရမှာဖြစ်ပြီး အရင်က GPM နဲ့ အရောင်းအဝယ် သဘောတူညီချက်တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။

Justice For Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းကို Gulf Petroleum Myanmar က လွှဲပြောင်းရယူလိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုအရေးယူ အပြစ်ပေးခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်ခွင့်ရနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာစစ်ကောင်စီအတွက် ဘဏ္ဍာငွေတွေ ဆက်ပြီးစီးဆင်းဖို့ သေချာသွားစေတာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

Gulf Petroleum Myanmar နဲ့ ၎င်းရဲ့ ဒါရိုက်တာတွေ၊ ရှယ်ယာရှင်တွေအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကိုအားပေးကူညီနေတဲ့ လုပ်ရပ်တွေအတွက် မဖြစ်မနေ တာဝန်ခံကြရမှာဖြစ်ပြီး

အကြမ်းဖက် မြန်မာစစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE)ကို အမေရိကန်၊ဂျပန်နဲ့ အခြားသော အစိုးရတွေက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတဲ့အတွက်ကြောင့် ၎င်းတို့ အနေနဲ့ အခုလို ဝင်ရောက် လုပ်ကိုင်လာတာလည်း ဖြစ်ပါတယ်။

“ရေနံနဲ့သဘာဝဓါတ်ငွေ့ကရတဲ့ အခွန်ငွေတွေ စစ်ကောင်စီက ရနေတာကို ပိတ်ဆို့ဖို့အတွက် MOGE ကိုအရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ တက်ညီလက်ညီ အချိတ်အဆက်မိမိ အမြန်ဆုံးလုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။  Petronas၊ PTTEP နဲ့ Nippon Oil တို့အနေနဲ့ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းကနေ အခုလိုပုံစံနဲ့ ရုတ်သိမ်းထွက်ခွာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တွေအတွက် တာဝန်ရှိကြပါတယ်” လို့ မရတနာမောင်က ဆက်ပြောပါတယ်။

၎င်းတို့အနေနဲ့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမယ့် ပြဌာန်းချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးရမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင်အကျိုးဆက် ရိုက်ခတ်တဲ့ လူ့အသိုင်းအဝန်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆိုးကျိုးသက်ရောက်မှုတွေကို ပြန်ပြီးကုစားပေးရမှာဖြစ်တယ် လို့လည်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article