28 C
Yangon

တရုတ်ဝမ်ပေါင်နှင့်ယန်စီ စီမံကိန်းတွင် စစ်တပ်၊ ရဲနှင့်ပျူစောထီးများကို တပ်စွဲခွင့်မပြုရန် ၊ ပြည်သူများ သတ်ဖြတ်ခံရမှုတွင် နှုတ်ဆိတ်နေခြင်းဖြင့် ဝမ်ပေါင်က စစ်တပ်ကို အားပေးအားမြှောက်နေမှု ကန့်ကွက်

Must read

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်နှင့်ယန်စီကုမ္ပဏီဝင်းအတွင်းတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများကို နေထိုင်တပ်ခွင့်မပြုရန် အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုက ယနေ့ ကြေညာချက် ထုတ် ပြန်သတိပေးသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်းများကို လုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ အနောက်မြောက်လွင်ပြင်ဒေသသပိတ်အင်အားစုများက အဆိုပါ ကြေးနီစီမံကိန်းသည် ပြည်သူ့သဘော ဆန္ဒမပါဝင်ဘဲ ယခင်စစ်အာဏာရှင်များ လက်ထက်ကတည်းက လုပ်ဆောင်ခဲ့သည့် သတ္တုတွင်းလုပ်ငန်းဖြစ်ကြောင်း အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုက ထောက်ပြထားသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ဗုံးများ ပစ်လွှတ်တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့ပြီး လက်ရှိပဋိပက္ခတွင် ဝမ်ပေါင် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်ကို အနောက် မြောက်လွင်ပြင် သပိတ်အင်အားစုက စစ်၊ ရဲနှင့် ပျူစောထီးများကို ကုမ္ပဏီက လက်ခံထားခြင်း မပြုရန် ပြန်လည်၍ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဒေသခံပတ်ဝန်းကျင်ကျေးရွာများကို မီးတင်ရှို့ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်စည်းစိမ်ဥစ္စာများကို ခိုးယူခြင်းနှင့် ခရီးသွားပြည်သူများကို မတရားအနိုင်ကျင့် ငွေတောင်းခံခြင်းတို့ ပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီလုပ်ကွက်များအတွက် ခြေကုတ်ယူနေထိုင်နေပြီး အဆိုပါ အကြမ်းဖက်စစ်ကောင်စီအုပ်စုအပါအဝင် ရဲ၊ ပျူစောထီးများ၊ ဒလန်များနှင့် စစ်တပ်ထောက်တိုင်မှန်သမျှကို နေထိုင်ခွင့်မပြုရန် ကြေညာချက်တွင် တိုက်တွန်း သတိပေးထားသည်။

ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် လိမ်ညာ ထုတ်ပြန်ချက်များ အများအပြားပါရှိနေပြီး ကုမ္ပဏီအကျိုးစီးပွားနှင့် ကုမ္ပဏီအတွက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုသာ အထူးအလေးထား စိုးရိမ်ထားသည်ကို တွေ့ရကြောင်း၊ ထုတ်ပြန်ချက်တွင် “လူသာလျှင်အဓိက” ဟု သုံးနှုန်းထားသော်လည်း ဒေသခံပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများကို ကုမ္ပဏီဝင်းအတွင်း ခြေကုတ်ယူကာ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ မီးလောင်တိုက် သွင်းခြင်းတို့ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီဝင်များကို လျစ်လျှူရှုထားသည်မှာ သိသာ ပေါ်လွင်ကြောင်း၊ အခြေခံလုပ်ခလစာပေးခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးခြင်း စသည့်အချက်များမှာ လိမ်လည်ထုတ်ပြန်ချက်များ ဖြစ်ကြောင်း၊ စစ်ကောင်စီ အာဏာသိမ်းပြီးသည်မှ စ၍ ဒေသခံလူထုအတွက် တစ်စုံတစ်ရာ ကူညီထောက်ပံ့မှု လုံးဝ မရှိဘဲ ကုမ္ပဏီအတွင်း ခြေကုတ်ယူထားသည့် စစ်ကောင်စီနှင့် အပေါင်းပါများကြောင့်သာ ဒေသခံများ အတိဒုက္ခရောက်ခဲ့ခြင်းများသာ တိုးပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဝမ်ပေါင်အနေနှင့် မြန်မာ့ ပဋိပက္ခတွင် ပါဝင်လိုခြင်းမရှိဟု ရှင်းလင်းထုတ်ပြန်ထားသော်လည်လည်း ယနေ့အချိန်အထိ ကုမ္ပဏီဧရိယာအတွင်း ထုတ်လုပ်ထားသည့် ကြေးတန်ချိန်များကို စစ်အကြမ်းဖက် အုပ်စု၏ အကာအကွယ်ယူကာ ကြိမ်ဖန်များစွာသယ်ယူနေကြောင်း၊ ကြေးနီများ သယ်ယူရန် စစ်ကောင်စီ၏ လုံခြုံရေးယူရာ လမ်းကြောင်းတစ်လျှောက် ကျေးရွာများရှိ ပြည်သူများနေအိမ်များကို မီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်နှိပ်စက်ခြင်း၊ မတရားငွေတောင်းခံခြင်းကို တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများဖြစ်သည့် မြန်မာ ဝမ်ပေါင်နှင့် မြန်မာယမ်စီကုမ္ပဏီတို့က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိ နှုတ်ဆိတ်နေခဲ့ခြင်းမှာ မြန်မာပြည်တွင်း ပဋိပက္ခများကို အားပေးအားမြှောက်ပြုပေးရာ ရောက်ကြောင်း၊ မြန်မာလူထု၏ ဘဝ အမှန်တကယ် တိုးတက်ပြောင်းလဲစေလိုသည့် စိတ်ရင်းစေတနာ မှန်ပါက အကြမ်းဖက်စစ်တပ်နှင့် မဆက်ဆံရန် အထူးအလေးထား တိုက်တွန်းကြောင်း အနောက်မြောက်လွင်ပြင်သပိတ်အင်အားစုများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီတစ်ခုအနေနှင့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် လက်နက်မဲ့ အဖွဲ့အစည်းဟူသည့် အသုံးအနှုန်းသ ည်လည်း မြန်မာလူထု၏ သဘောဆန္ဒကို စော်ကားနေခြင်းဖြစ်ကာ နောက်နောင် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများအနေနှင့် ယခုကဲ့သို့ လိမ်ညာထုတ်ပြန်ချက်မျိုး ဆက်လက် မထုတ်ပြန်ရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိပြီး အကြမ်းဖက်စစ်ကောင်စီကို ခြေကုတ်အဖြစ် နေရာပေးထားပါက မိမိတို့ အကျိုးစီးပွားများကို ဒေသခံလူထုက ကာကွယ်စောင့်ရှောက်ပေးမည်မဟုတ်ကြောင်းနှင့် စစ်ကောင်စီသည် ကုမ္ပဏီဝင်းအတွင်းမှ ကုန်းမြင့်နေရာများမှ ပြည်သူလူထု၏ လှုပ်ရှားမှုများကို အဆင့်မြင့် CCTV ကင်မရာများနှင့် နေစဉ်စောင့်ကြည့်မှတ်တမ်းယူလျက် လူအခွင့်အရေးကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေကြောင်း၊ တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများအနေနှင့် လူထု၏ သဘောဆန္ဒကို အထူးအလေးထားရန် လေးလေးနက်နက်တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝမ်ပေါင် ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို တန်ပြန်သည့် သဘောထားထုတ်ပြန်ချက်ကို ကြေညာသည့် အနောက်မြောက်လွင်ပြင်သပိတ်အင်အားစုတွင် စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်အင်အားစု ၁၇ ဖွဲ့ပါရှိသည်။

ဓာတ်ပုံ- တရုတ်ဝမ်ပေါင် လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားသည့် အကြမ်းဖက်ရဲတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article